“Joseon Exorcist” နဲ့ ဆက်စပ်ပြီး ပြင်းထန်တဲ့ ​ဝေဖန်မှု​တွေကို ရင်ဆိုင်​နေရတဲ့ “Snowdrop” drama

အခု လတ်တလောမှာ SBS ရုပ်သံလိုင်းရဲ့ ‘Joseon Exorcist’ ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ပြင်းထန်နေတာနဲ့အမျှ တောင်ကိုရီးယားလူမျိုးတွေရဲ့ မျိုးချစ်စိတ်ကလည်း ပိုပြီး မြင့်တက်နေပါတယ်။ ယခုဆိုရင်လည်း JTBC ရုပ်သံလိုင်းက ထုတ်လွှင့်ဖို့ ပြင်ဆင်နေတဲ့ ‘Snow Drop’ ဇာတ်လမ်းတွဲကို သပိတ်မှောက်ဖို့အတွက် အွန်လိုင်းကနေ မျိုးစုံသော လူထုလှုပ်ရှားမှုတွေကို ပြုလုပ်လျက်ရှိနေပါတယ်။

‘Snow Drop’ ဇာတ်လမ်းတွဲဟာ သမိုင်းဝင် ၁၉၈၇ ခုနှစ်အချိန်ကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ညွှန်းအရဆိုရင် အမျိုးသမီးတက္ကသိုလ်တစ်ခုရဲ့ အဆောင်အတွင်းမှာ သွေးတွေနဲ့ လဲကျနေတဲ့ ဆန္ဒထုတ်ဖော်သူ ကျောင်းသားတစ်ယောက် (မင်းသား Jung Hae In) ကို သူနာပြုကျောင်းသူ (BLACKPINK အဖွဲ့ဝင် Jisoo) က တွေ့ရှိပြီး အာဏာပိုင်တွေ မတွေ့အောင် ဖွက်ထားပေးကာ ဆေးကုသပေးမှာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ သူတို့နှစ်ဦးဟာ မေတ္တာသက်ဝင်သွားကြပြီး နောက်ပိုင်းမှာ ထိုကျောင်းသားက “အမိမြေ” (​မြောက်ကိုရီးယား) က စေလွှတ်ထားတဲ့ သူလျှိုတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျောင်းသူလေးက သိသွားမှာဖြစ်ပါတယ်။ ထို့နောက် ထိုသူလျှိုက သူ့ကို ဖွက်ပေးထားတဲ့ မိန်းကလေးကို လုပ်ကြံဖို့ အမိန့်ပေးခံရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာ မင်းသား Jung Hae In က ဆန္ဒထုတ်ဖော်သူ ကျောင်းသား Lim Soo Ho ၊ Jisoo က သူနာပြုကျောင်းသူလေး Eun Young Cho ၊ မင်းသမီး Kim Hye Yoon က တက္ကသိုလ်ကျောင်းသူ Kye Bun Ok, သရုပ်ဆောင် Jang Seung Jo နဲ့ Jung Yoo Jin တို့က နိုင်ငံတော်လုံခြုံရေးအဖွဲ့ရဲ့ အေးဂျင့်တွေအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိမှာလည်း ဇာတ်လမ်းကို ရိုက်ကူးနေပါတယ်။

အင်တာနက်သုံးစွဲသူတွေက မင်းသား Jung Hae In သရုပ်ဆောင်မယ့် “Lim” မျိုးရိုး ကျောင်းသားလေးနဲ့ Jisoo သရုပ်ဆောင်မယ့် “Young Cho” ဇာတ်ကောင်တွေဟာ ထိုအချိန်က လက်တွေ့ဘဝမှာ တကယ်ရှိခဲ့တဲ့ ဆန္ဒထုတ်ဖော်သူ ကျောင်းသားကျောင်းသူတွေဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

ထို့အပြင် လူတော်တော်များများက မင်းသားရဲ့ ဇာတ်ကောင်က ပြဿနာရှိရုံတင်မကပဲ ဒုတိယမင်းသားက နိုင်ငံတော်လုံခြုံရေးအဖွဲ့ရဲ့ အေးဂျင့်ဖြစ်နေတာကလည်း လူပြောစရာဖြစ်နေတယ်လို့ ဆိုပါတယ်။ အခြေခံအားဖြင့်တော့ အင်တာနက်သုံးစွဲသူတွေက ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကို ပြဿနာရှိတယ်လို့ မြင်နေကြပြီး ကိုရီးယားသမိုင်းကို “လှောင်ပြောင်တယ်” ပြီးတော့ “သမိုင်းတန်ဖိုးကို နိမ့်ကျစေတယ်” လို့ ပြောဆိုနေကြပါတယ်။

ဘာကြောင့်လဲဆိုတော့ ၁၉၈၇ ခုနှစ်ဟာ တောင်ကိုရီးယားသမိုင်းအတွက် အရမ်းအရေးကြီးတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ထိုနှစ်မှာ များစွာသော တက္ကသိုလ်ကျောင်းသားတွေဟာ စစ်အုပ်ချုပ်ရေးကို သပိတ်မှောက်ပြီး ဒီမိုကရေစီရရှိအောင် လုပ်ဆောင်ပေးခဲ့ကြလို့ပါပဲ။

တစ်ဖက်မှာ ထိုစဉ်က စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေတဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့က တက္ကသိုလ်ကျောင်းသားတွေကို ​​​မြောက်ကိုရီးယားသူလျှိုလို့ စွပ်စွဲပြီး ဖမ်းဆီးတာ နှိပ်စက်တာ သတ်ပစ်တာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် “Snow Drop” ဇာတ်ညွှန်းထဲကလို ထိုအချိန်က သူလျှိုတွေက ဆန္ဒပြတဲ့ ကျောင်းသားတွေအဖြစ် အသွင်ပြောင်းပြီး ကျောင်းသားတွေထဲ ဝင်ရောတာမျိုးတွေ သမိုင်းမှာ တကယ်ဖြစ်ခဲ့ပါတယ်။

ထို့ကြောင့် ဒီဇာတ်ညွှန်းကို ရေးတဲ့ စာရေးဆရာမ Yoo Hyun Mi ကို Ewha မိန်းကလေးတက္ကသိုလ်က ကျောင်းသားကျောင်းသူဟောင်းတွေကလည်း ပြင်းထန်စွာ ဝေဖန်ရှုံ့ချနေကြပါတယ်။ အကြောင်းအရင်းကတော့ စာရေးဆရာမ Yoo Hyun Mi က ၁၉၈၈ ခုနှစ်မှာ Ewha မိန်းကလေးတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး သူမဟာ ၁၉၈၇ ခုနှစ်တုန်းက အဖြစ်အပျက်တွေကို ကောင်းစွာသိရှိနေတဲ့သူတစ်ဦးမို့ပဲ ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ ‘Joseon Exorcist’ ကို သပိတ်မှောက်ခဲ့သလိုပဲ အင်တာနက်သုံးစွဲသူတွေဟာ JTBC နဲ့ ‘Snow Drop’ ဇာတ်လမ်းတွဲနဲ့ ဆက်စပ်နေတဲ့ အခြားထုတ်လုပ်ရေး ကုမ္ပဏီတွေကို တိုင်ကြားစာတွေပေးပို့လျက်ရှိပါတယ်။

JTBC ရုပ်သံလိုင်းက​တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဇာတ်ကားဟာ လူအများ​ပြော​နေသလို သူလျှို​က ဒီမိုက​​ရေစီလှုပ်ရှားမှုကို ဦး​ဆောင်ပြီး သူလျှိုတစ်​ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အသာ​ပေး ရိုက်ကူးထားတာမျိုးမဟုတ်ပဲ ၁၉၈၀ ခုနှစ်က ဒီမိုက​ရေစီရရှိဖို့ အနစ်နာခံခဲ့ရတဲ့ ​ကျောင်းသား​ကျောင်းသူ​တွေရဲ့ အချစ်ဇာတ်လမ်းကို ပုံ​ဖော်ထားတာဖြစ်​ကြောင်း၊ ယခု လူ​တွေ​ပြောဆို​နေကြတဲ့ အ​ကြောင်းအရာနဲ့ တကယ့်ဇာတ်ညွှန်းဟာ အလွန်ကွာခြား​တဲ့အတွက် အွန်လိုင်းမှာ ထွက်​ပေါ်လာတဲ့ ဇာတ်ညွှန်းအနည်းငယ်ကို ကြည့်ပြီး ​အ​စောတလျင် ဝေဖန်ပြစ်တင်တာမျိုး မလုပ်သင့်​ကြောင်း ​ဖြေရှင်းချက်ထုတ်ပြန်ထားပါတယ်။

Source : AllKpop
Photo : Naver
Written : ZL

Share