BTS အဖွဲ့ဝင်တွေပြောပြခဲ့တဲ့ အဖွဲ့စည်းလုံးခိုင်မြဲနေရခြင်း အကြောင်းတရားများ

Kpop ဟာ ကမ္ဘာ့ဂီတလောကနဲ့ နားဆင်သူတွေကြားထဲမှာ ထိုးဖောက်ဝင်ရောက်လာခဲ့တာ အချိန်အတော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ အဖွဲ့ဖျက်သိမ်းခဲ့တာမျိုးတွေရှိသလို နှစ်တွေအကြာကြီးအထိကြာမြင့်စွာတည်တံ့နေတဲ့ kpop အဖွဲ့တွေလည်း အများအပြားပါပဲ။ ကမ္ဘာ့ကြယ်ပွင့် Kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ကတော့ သူတို့အဖွဲ့ရဲ့ တက်ညီလက်ညီပူးပေါင်းရှေ့ဆက်နေမှုအတွက် လျှို့ဝှက်ချက်လေးတွေကို ပြောပြလာခဲ့ပြီဖြစ်ပါတော့တယ်။

အဖွဲ့ရဲ့အကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jin ကတော့ အငယ်လေးတွေနဲ့ပတ်သက်လာရင် စည်းကမ်းထုတ်တာမျိုးကို လုပ်ဖို့မလိုအပ်ဘူးလို့ဆိုပါတယ်။ Jin က “ကျွန်တော်တို့ ၇ ယောက်စလုံးက အပေးအယူတော်တော်လေးရှိတယ်။ ဒါကလည်း အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ပတ်သက်လာရင် အကျိုးရှိပါတယ်။

ကျွန်တော်တို့ကြားမှာ ကိစ္စတစ်ခုခုရှိလာခဲ့ရင် အကောင်းဆုံးရလဒ်ရလာဖို့အတွက် ၇ယောက်စလုံးစုပြီး ဆွေးနွေးတိုင်ပင်ကြတယ်။ အတွေးတွေ၊ အကြံတွေကိုဖလှယ်ကြရင်း လုပ်သင့်တာကိုလုပ်ကြတာဆိုတော့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်နေဖို့မလိုပါဘူး” ဆိုပြီး ပြောပြခဲ့ပါတယ်။

ဒီအချက်ကိုတော့ ​J-Hope ကထောက်ခံရင်း သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကိုယ်ချင်းစာပြီး ဖြည့်တွေး​ပေးတတ်တယ်လို့ဆိုပါတယ်။ “ကျွန်တော်တို့က အချင်းချင်းလေးစားတယ်။ ဂရုစိုက်အလေးထားတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ဒီနေ့ဒီအချိန်မှာ BTS ဆိုပြီး အခုလိုမျိုးရပ်တည်နေနိုင်တာဖြစ်မယ်လို့တွေးမိပါတယ်” ဆိုပြီး ဖြည့်စွက်ပြောပြခဲ့ပါတော့တယ်။

အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ RM ကတော့ အဖွဲ့နဲ့ပတ်သက်ပြီး ထူးခြားတဲ့တွေးတောခံယူချက်တစ်ခုရှိနေပါတယ်။ သူက “ကျွန်တော်ကတော့ ကျွန်တော်တို့ ၇ယောက်စလုံးဟာ ဦးတည်ချက်မျိုးစုံကိုရှေးရှုနေတဲ့ လှေတစ်စင်းပေါ်မှာရောက်နေတယ်ဆိုပြီး နှိုင်းယှဥ်တွေးတောလေ့ရှိတယ်။

ကျွန်တော်တို့တွေဟာ မတူညီတဲ့နေရာအသီးသီးမှာ နေထိုင်ကြီးပြင်းလာကြပြီး အကြိုက်ချင်းလည်းမတူကြတဲ့ကောင်လေး ၇ယောက်ပါပဲ။ ဒီတော့ အမြဲတမ်းတော့ ထပ်တူကျနေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားနေတယ်ဆိုပြီး စိတ်သွင်းထားတာကြောင့် ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေဟာ အားအင်တွေဖြစ်လာခဲ့ပါတယ်။

နိမ့်ချည်မြင့်ချည်နေ့ရက်တွေကို အတူတကွဖြတ်သန်းလာကြရင်း ကျွန်တော်တို့ကြားမှာ ပြီးပြည့်စုံတဲ့ညီမျှမှုလေးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဆိုပြီး တွေးတွေးဆဆနဲ့ လေးနက်စွာဖော်ပြခဲ့ပါသေးတယ်။ ဒါ့အပြင် RM က “တအားကြီးနီးစပ်နေလွန်းတာဟာ မလိုလားအပ်တဲ့ပြဿနာတွေဆီကို ဦးတည်သွားနိုင်တယ်။

ဒါ့ကြောင့်မို့လို့ သင့်တင့်လျောက်ပတ်တဲ့ဆက်ဆံမှုနဲ့ တစ်ယောက်အပေါ်တစ်ယောက် လေးစားတယ်၊ ယုံကြည်တယ်။ ဒါဟာ ကျွန်တော်တို့ BTS အဖွဲ့ရဲ့ ကောင်းမွန်တဲ့စည်းလုံးညီညွတ်ရခြင်း အကြောင်းတရားပါပဲ” လို့ ထပ်လောင်းပြောပြခဲ့ပါတယ်။

BTS အဖွဲ့ညီညွတ်ရခြင်းလျှို့ဝှက်ချက်တွေကတော့ လူသားတိုင်းအလွယ်တကူ အတုယူလို့ရနိုင်မဲ့နည်းလမ်းကောင်းတွေပါပဲ။ အချင်းချင်း လေးစားမှု၊ ချစ်ခြင်းမေတ္တာနဲ့ စာနာနားလည်ပေးနိုင်မှုတွေရှိလာရင် ကောင်းမွန်တဲ့လူ့အသိုက်အဝိုင်းကို တက်ညီလက်ညီဖန်တီးနိုင်မှာပဲဖြစ်ပါတော့တယ်။

Source: Koreaboo
Photos: Naver
Written: Nay Chi

Share