လက်ရှိမှာ BTS ရဲ့ Jimin ဆိုပြီး နာမည်တစ်လုံးနဲ့ရပ်တည်နိုင်အောင် မနားမနေကြိုးစားခဲ့ရပုံကိုပြောပြလာခဲ့…

သိပ်မကြာ​သေးခင်ကမှ BTS ဟာ tvN ရဲ့ အစီအစဥ်တစ်ခုဖြစ်တဲ့ You Quiz On The Block မှာ ပါဝင်လာခဲ့ပါတယ်။ အပိုင်း ၉၉ ပိုင်းမြောက်မှာ အထူးအနေနဲ့ပါဝင်လာတဲ့ BTS အဖွဲ့ကတော့ games မျိုးစုံကစားရင်းပျော်ရွှင်စရာအချိန်တွေကို ပိုင်ဆိုင်ခဲ့သလို အဖွဲ့ဝင်တွေဟာ သီချင်း၊ ဘဝ၊ အနာဂတ်နဲ့ ပူပန်မှုတွေ..စသဖြင့် သူတို့ရဲ့ကိုယ်ပိုင်အတွေးတွေကိုပါ ပြောပြလာခဲ့ပါတယ်။

J-Hope, Jimin နဲ့ Jungkook တို့ ပါဝင်ခဲ့တဲ့ အင်တာဗျူးမှာတော့ Jimin ဟာ သင်တန်းသားဘဝတုန်းက သူကိုယ်တိုင်တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကို ပြောပြခဲ့တာပါ။ Jimin လေးက “သင်တန်းသားဘဝတုန်းကလေ တခြား BTS အဖွဲ့ဝင်တွေလိုမျိုး Dorm မှာ မနေခဲ့ရသေးဘူး။

အဲ့တုန်းက ဘူဆန်ကနေတက်လာပြီး နေဖို့နေရာလည်းမရှိခဲ့ဘူး။ နောက်မှ Dorm ကို လာနေခဲ့တာပါ။ Trainee တစ်ယောက်အဖြစ်ကြိုးစားနေတုန်းက ကျွန်တော်ဟာ ဒီနေရာကနေ အချိန်မရွေးမောင်းထုတ်ခံရနိုင်တယ်ဆိုတဲ့အသိနဲ့ တော်တော်လေးကို မသက်မသာဖြစ်ခဲ့ပြီး ခက်ခဲခဲ့ရပါတယ်။

အေဂျင်စီကနေ အခေါ်စာရတာက Trainee တွေအတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခုပဲ။ ကျွန်တော်ကိုယ်တိုင်လည်း လတိုင်းလောက် အခေါ်ခံရနီးနီးဖြစ်ခဲ့ပါတယ်။ ဘာလုပ်သင့်လဲဆိုပြီး မသိတော့တုန်းက တော်တော်လေးကိုခက်ခဲခဲ့တယ်။ V နဲ့ Jungkook တို့ အသံပိုင်းလေ့ကျင့်ရေးဆင်းတိုင်း ကျွန်တော်ကောကြည့်လို့ရမလားဆိုပြီး မေးခဲ့ဖူးတယ်။

ကျွန်တော်လည်း ပို့ချပေးတဲ့လေ့ကျင့်မှုတွေကို သင်ယူချင်ခဲ့မိတယ်။ နောက်တော့ ကျွန်တော်လေ့လာသင်ယူခဲ့သမျှကို ညပိုင်းတော်တော်နောက်ကျတဲ့အထိ အထပ်ထပ်အခါခါလေ့ကျင့်တော့တာပဲ” ဆိုပြီး သင်တန်းသားဘဝတုန်းက အခက်အခဲတွေကို ပြောပြခဲ့ပါတယ်။

ဒါကိုကြားတဲ့ အငယ်လေး Jungkook က “ကျွန်တော့်ရဲ့စံနှုန်းတွေနဲ့ တိုင်းတာပြီးပြောရရင် အစ်ကို Jimin က သူကိုယ်တိုင် တော်တော်ကြီးတင်းကြပ်သလို တော်တော်လေးလည်းအလုပ်ကြိုးစားပါတယ်” ဆိုပြီး သူချစ်ခင်ရတဲ့အစ်ကိုကြီးနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောခဲ့တာပါ။

အဖွဲ့ဝင်တွေကလည်း Jimin ဟာ မအိပ်မနေကြိုးစားကြောင်း၊ မနက်ပိုင်းကို အစောဆုံးနိုးသူဖြစ်ပေမဲ့ ညပိုင်းမှာတော့ နောက်ဆုံးမှသာ အိပ်ရာဝင်သူဖြစ်ကြောင်း ပြောပြလာခဲ့ကြပါတော့တယ်။ ဆက်လက်ပြီး “မနက်ပိုင်း ၄ နာရီလောက်အထိ လေ့ကျင့်တယ်။ ပြီးရင် မနက် ၆ခွဲလောက်မှာ ထပြီး ကျောင်းသွားဖို့ပြင်ဆင်တယ်။

အဲ့တုန်းကတော့ ဒီအလုပ်တွေက မပင်ပန်းခဲ့ပါဘူး။ ကျွန်တော့်မှာလေ ဘာတွေဖြစ်နေနေ အောင်မြင်ရမယ်ဆိုတဲ့စိတ်ပဲရှိခဲ့တာပါ။ အဖေ့ဆီကို တစ်လတစ်ကြိမ်ပဲဖုန်းဆက်တယ်။ ပြီးတော့ အဖေ့ကိုပြောတယ်..ကျွန်တော်က မျှော်လင့်ထားတဲ့အတိုင်းမလုပ်နိုင်ခဲ့ရင် ကျွန်တော့်ကိုစိတ်ပျက်မသွားဖို့ အမြဲပြောတယ်။

တကယ်လို့များ ကျွန်တော်ကျရှုံးသွားခဲ့ရင်တောင် တစ်နည်းမဟုတ်တစ်နည်းနဲ့ အောင်မြင်အောင်ပြန်လုပ်မယ်ဆိုပြီး အဖေ့ကိုပြောလေ့ရှိပါတယ်။ BTS အဖွဲ့ဝင်တွေနဲ့အတူ ရှေ့ဆက်နိုင်ဖို့ ခက်ခဲမှုတွေကို သည်းခံကျော်လွှားခဲ့ပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ရင်း ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ ၇ ယောက်စလုံးဟာ BTS အဖွဲ့အတွက် မရှိမဖြစ်ပါပဲ။

ကျွန်တော်တို့အားလုံးက တစ်စိတ်တည်းတစ်ဝမ်းတည်းပဲ။ ကျွန်တော်တို့တွေသာ အတူတူရှိရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ဒါ့ကြောင့်လည်း ကျွန်တော်ကော ကျန်တဲ့ညီအစ်ကိုတွေကော BTS အဖွဲ့ဝင်တွေဆိုပြီး နာမည်တစ်လုံးနဲ့ရပ်တည်နိုင်လာခဲ့တယ်လို့ ထင်ပါတယ်” ဆိုပြီး လေးလေးနက်နက်ပြောလာပါတော့တယ်။

BTS အဖွဲ့ဆိုတာကတော့ နာမည်ကြားရုံနဲ့တင် အောင်မြင်မှုအရှိန်အဝါကိုခံစားမိနိုင်သလို အဖွဲ့ဝင်တွေရဲ့စည်းလုံးမှုတွေကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်။ Kpop လောကတင်သာမက ကမ္ဘာ့ဂီတနယ်ပယ်မှာပါ BTS ဆိုပြီး နာမည်တစ်ခုနဲ့ရပ်တည်နိုင်အောင် ဘယ်လိုတွေကြိုးစားခဲ့ရသလဲဆိုတာကတော့ Jimin လေးရဲ့ ရင်တွင်းစကားလုံးတွေကနေကိုပဲ ခံစားမိစေနိုင်ပါတယ်။

Source: Koreaboo
Photos: Naver × Dispatch
Written: Nay Chi

Share