အရူးအမူးဖြစ်​နေတဲ့ပရိသတ်တချို့ဟာ Xiao Zhan ကို ဘယ်လိုမျိုးပုံစံတွေနဲ့ နှောင့်ယှက်ခဲ့ကြသလဲဆိုတော့…

The Untamed ဇာတ်လမ်းတွဲကတည်းက ယခုအချိန်ထိ နာမည်ကျော်ကြားလူကြိုက်မ​ျားနေဆဲဖြစ်သူ Xiao Zhan ကတော့ အလုပ်တွေလည်း မရပ်မနားဆိုသလို ဆက်တိုက်လုပ်ကိုင်နေရသူဖြစ်သလိုပဲ တစ်ဖက်မှာလည်း ကြိုက်နှစ်သက်မှုလွန်ကဲလွန်းနေတဲ့ အရူးအမူးပရိသတ်တွေရဲ့ အနှောင့်အယှက်ကလည်း များစွာရှိလာပြန်ပါတော့တယ်။

မကြာသေးခင်ကမှ Xiao Zhan ဟာ Jade Bone Ballad ကို ရိုက်ကူးနေစဉ်မှာပဲ အနှောင့်အယှက်တွေ ဆက်တိုက်ဆိုသလိုကြုံတွေ့ခဲ့ရပြန်ပါတယ်။ လူ့ကျင့်ဝတ်နဲ့လွတ်လပ်ခွင့်ကိုလေးစားမှုမရှိတဲ့ လူတစ်စုဟာ Xiao Zhan ရှိရာ ရိုက်ကွင်းနဲ့ ဟိုတယ်ကို ဇွတ်အတင်းဝင်ရောက်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒီလိုမျိုး အလုပ်နဲ့ ရှင်သန်ရာဘဝကို ထပ်ခါတလဲလဲ နှောင့်ယှက်မှုတွေနဲ့ကြုံတွေ့လာရတာဖြစ်လို့ အဆိုပါစိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတွေကို ရပ်တန့်ဖို့ ၂၈ နှစ်အရွယ် မင်းသား ရှောင်းကျန့်ဟာ social media မှာ စာတစ်စောင်တင်ရင်း တောင်းဆိုလိုက်ပါတော့တယ်။

Xiao Zhan က “၂၀၁၆ လောက်ကတည်းက ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်ဖက်က ပြောဆိုခဲ့ပြီးပါပြီ။ တရားဝင်ပွဲအခမ်းအနားတွေမှာပဲ ကျွန်တော့်ကို အားပေးဆုံတွေ့ဖို့ ပြောဆိုခဲ့ဖူးပါတယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ရဲ့ ရိုက်ကူးရေးရှိရာနေရာတွေ၊ ကျွန်တော့်ကားရှိရာနေရာနဲ့ ကျွန်တော် လိုက်ပါစီးနင်းတဲ့လေယာဉ်ပျံအထိ နောက်ကလိုက်လာတာမျိုးတွေကို ရပ်တန့်ပေးစေချင်ပါတယ်။

ရည်ရွယ်ချက်ရှိရှိနဲ့ နောက်ယောင်ခံလိုက်လာတာမျိုး၊ လူသွားလမ်းမပေါ်မှာ ကျွန်တော်စီးနေတဲ့ကားကို ရပ်တန့်အောင်လုပ်ပစ်တာမျိုးက တကယ့်ကို အန္တရာယ်များလွန်းတဲ့ လုပ်ရပ်ပါ။ ပြီးတော့ ဉာဉ့်နက်သန်းခေါင်ကျမှ ကျွန်တော့်ရဲ့အခန်းတံခါးကို လာခေါက်တာမျိုးတွေ၊ စကားပြောတာတွေကို ခိုးပြီးနားထောင်တာမျိုးတွေနဲ့ ဟိုတယ်ထဲမှာ လူစုစုရုံးရုံးလုပ်တာမျိုးတွေကိုလည်း မလုပ်စေချင်ပါဘူး။

ပြောရရင် အခန်းတွေထဲအထိ password အမှားတွေနဲ့ လိုက်ရှာရင်း ဝင်လာဖို့ ကြိုးစားမှုတွေရှိတာကြောင့် ဟိုတယ်တစ်ထပ်လုံး ပိတ်ချလိုက်ရတာမျိုးတွေ ဖြစ်ခဲ့ရပါတယ်။ ဒီလိုလုပ်ရပ်တွေရှိနေလို့ ကျွန်တော်ဟာ အခန်းကိုပြန်ပြီး အနားယူလို့မရတော့ပါဘူး။

အခုလိုအပြုအမူမျိုးတွေဟာ ကျွန်တော့်ရဲ့ရိုက်ကူးရေးနဲ့ အလုပ်ကို များစွာသက်ရောက်နေပါတယ်။ ဒါ့ကြောင့်မို့လို့ ကျေးဇူးပြု၍.. ကိုယ်နေထိုင်ဖြတ်သန်းနေတဲ့ ဘဝကိုပဲအာရုံစိုက်ပြီး ကိုယ့်ဘဝကြီး ပိုမိုကောင်းမွန်လာဖို့အတွက် အားစိုက်ကြပါ” လို့ ရေးသားခဲ့ပါတော့တယ်။

တစ်ချို့သောဖော်ပြချက်တွေမှာဆိုရင် ရိုက်ကူးရေးကပြန်လာတဲ့ Xiao Zhan ကို အရူးအမူးဖြစ်နေတဲ့ပရိသတ်တချို့က ဝန်းရံထားပြီး ဟိုတယ်ထဲကိုဝင်လို့မရအောင်တောင် ဝင်ပေါက်ကိုပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။ ရှောင်းကျန့်ကို ဝိုင်းအုံ့နေကြတဲ့လူအုပ်ကြီးထဲက တစ်ယောက်ဟာဆိုရင် Xiao Zhan ရဲ့ ပါးကိုတောင် ရိုက်မိလိုက်ပုံပေါ်တယ်လို့ ပြောကြပါသေးတယ်။

လူအုပ်ကြီးကြားထဲက Xiao Zhan ကတော့ ဆွဲလားရုန်းလားအခြေအနေတွေကို တည်ငြိမ်စွာကာကွယ်ရင်းနဲ့ပဲ ဖြတ်ကျော်ခဲ့ရပုံပါ။ Xiao Zhan ရဲ့ အခုလိုအခြေအနေတွေကို သိရှိခဲ့ကြရတဲ့ ပရိသတ်အများအပြားဟာ ရှောင်းကျန့်အတွက် စာနာရင်း စိတ်မကောင်းခြင်းများစွာဖြစ်ပေါ်ခဲ့ကြရပါတယ်။

နာမည်ကြီးလာခြင်းကြောင့် နောက်ယောင်ခံလိုက်ခံရပြီး အနှောင့်အယှက်ပေးခံရတာဟာ နာမည်ကြီးသူတွေအတွက်တော့ ရှောင်လွဲလို့မရတဲ့ကိစ္စတစ်ခုလိုတောင် ဖြစ်နေခဲ့ပါပြီ။ ဒါပေမဲ့လည်း နာမည်ကြီးတွေဆိုတာကလည်း လူသားတွေပဲမို့လို့ သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားတန်ဖိုးရင်း အားပေးတတ်ကြဖို့တော့ လိုအပ်မယ်လို့ထင်မြင်မိပါတော့တယ်။

Source: Sohu
Photos: Weibo
Written: Nay Chi

Share