ကြည့်ရှုသူစံချိန်တင်သီချင်း ၄ပုဒ်ကြောင့် ဂုဏ်ပုဒ်အသစ်တစ်ခုထပ်မံရရှိလိုက်တဲ့ BLACKPINK အဖွဲ့

တောင်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာ​ကျော်ကြယ်ပွင့်အဆိုတော်အဖွဲ့ဖြစ်တဲ့ BLACKPINK ကတော့ Kpop သမိုင်းမှတ်တမ်းမှာ ဂုဏ်ယူဖွယ်ရာစာမျက်နှာကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ထွက်ရှိသမျှသီချင်းတိုင်းဟာ ကောင်းမွန်ဆွဲဆောင်နိုင်လွန်းတာကြောင့် နားဆင်တဲ့ပရိသတ်အခိုင်အမာရရှိထားသလို အမိမြေဖြစ်တဲ့ တောင်ကိုရီးယားမှာသာမက ကမ္ဘာအနှံ့အထိကျော်ကြားနေတာလည်းဖြစ်ပါတယ်။

BLACKPINK အဖွဲ့ရဲ့သီချင်းလေးတွေထဲကမှ Hit Song ဖြစ်ခဲ့တဲ့ “As If It’s Your Last” သီချင်းကတော့ April လ ၂၃ ရက်နေ့မှာပဲ Youtube မှာ ဝင်ရောက်ကြည့်ရှုနားဆင်သူ 1 billion ကျော်သွားခဲ့တာပါ။ April လ ၂၃ ရက်နေ့ ညနေ 6:51 မှာပဲ ဒီလို မြင့်မားတဲ့စံချိန်တင်နိုင်ခဲ့တဲ့အကြောင်း KST က ထုတ်ပြန်ပေးခဲ့ပါတယ်။

၂၀၁၇၊ June လ ၂၂ ရက်နေ့မှာ စတင်ထွက်ရှိခဲ့တဲ့ ဒီသီချင်းလေးဟာ 1 Billion Views ဆိုတဲ့စံချိန်တင်နိုင်ဖို့ ၃ နှစ်၊ ၁၀ လ နဲ့ ၁ ရက်သာကြာမြင့်ခဲ့ပြီး ဒါကလည်း ပရိသတ်တွေရဲ့ပံ့ပိုးအားထုတ်မှုတွေပါပဲ။

BLACKPINK အဖွဲ့အတွက်တော့ “As If It’s Your Last” သီချင်းဟာ 1 billion views ရရှိခဲ့တဲ့ ၄ ပုဒ်မြောက်သီချင်းတစ်ပုဒ်ဖြစ်ပြီး “DDU-DU DD-DU”, “Kill This Love” နဲ့ “BOOMBAYAH” သီချင်းတွေကလည်း Kpop သမိုင်းရဲ့ 1 billion views ရရှိခဲ့တဲ့ စံချိန်တင်သီချင်းလေးတွေပါပဲ။

လက်ရှိအချိန်အထိ မြင့်မားတဲ့စံချိန်တင်သီချင်း ၄ပုဒ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တာဟာ BLACKPINK တစ်ဖွဲ့တည်းသာရှိသေးပြီး ဒီအချက်ကြောင့်ပဲ BLACKPINK ဟာ မြောက်မြားလှစွာသော Kpop အဖွဲ့တွေအနက် ဂုဏ်ယူဖွယ်ရာသမိုင်းစာမျက်နှာကိုရေးသားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

“စံချိန်မြင့် 1 billion views ရရှိထားတဲ့ သီချင်းကောင်း ၄ပုဒ်ကိုသီဆိုနိုင်ခဲ့သော၊ တုနှိုင်းမရှိသေးသည့် တစ်ဖွဲ့တည်းသောတောင်ကိုရီးယားအဆိုရှင်အဖွဲ့” အစရှိသဖြင့် ကြည်နူးစရာဂုဏ်ပုဒ်ကတော့ အားပေးရတဲ့ပရိသတ်တွေအတွက် တွေးမိတိုင်း ဂုဏ်ဆာရတော့မှာပါပဲ။

Source: Soompi
Photos: BLACKPINK official
Written: Nay Chi

Share