လာမယ့် မေလထဲမှာ အနုပညာ ပြတိုက်အသစ်တစ်ခုကို ဖွင့်လှစ်သွားမယ့် HYBE Labels

HYBE Labels ကနေ HYBE INSIGHT လို့ခေါ်တဲ့ ပြတိုက်အသစ်ကို လာမယ့် မေလ ၁၄ ရက်နေ့မှာ Seoul မြို့ Yongsan မှာရှိတဲ့ HYBE ကုမ္ပဏီပိုင် အသစ်စက်စက် အဆောက်အအုံရဲ့ ပထမထပ်နဲ့ ဒုတိယထပ်မှာ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ HYBE INSIGHT ဟာ စတုရန်းမီတာပေါင်း ၄၇၀၀ ကျယ်ဝန်းတဲ့ ယဉ်ကျေးမှု အနုပညာပြတိုက်တစ်ခုဖြစ်ပါတယ်။

ထိုပြတိုက်မှာ HYBE ရဲ့ ဂီတပေါ်ထားရှိတဲ့ အမြင်ကို ရှုထောင့်ပေါင်းစုံကနေ ဖော်ပြထားမှာ ဖြစ်ပြီး HYBE ရဲ့ ဂီတ၊ အနုပညာရှင်တွေနဲ့ ပရိသတ်တွေအတွက် အထိမ်းအမှတ်နေရာတစ်ခုအဖြစ် ရည်ရွယ်ထားတာဖြစ်ပါတယ်။

HYBE INSIGHT ဟာ HYBE ရဲ့ သန္နိဌာန်အသစ်ဖြစ်တဲ့ “ငါတို့ ဂီတကို ယုံကြည်တယ်” ဆိုတဲ့ ဆောင်ပုဒ်ကို မတူညီတဲ့ ပြပွဲတွေ၊ ခင်းကျင်းပြသမှုတွေ၊ content တွေနဲ့ ဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် လာရောက်လည်ပတ်သူတွေဟာ HYBE ရဲ့ ဂီတနဲ့ ပတ်သက်တဲ့ အားအင်တွေနဲ့ စိတ်ခံစားချက်တွေကို ခံစားနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

HYBE ရဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ BTS, NU’EST, Seventeen, GFriend, TXT နဲ့ ENHYPEN တို့က ဖန်တီးထားတဲ့ မတူညီတဲ့ content တွေအပြင် သူတို့နဲ့ အနုပညာဖန်တီးသူတွေ ပေါင်းစပ်ဖန်တီးထားတဲ့ HYBE ရဲ့ ဂီတနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ပြသထားမှာ ဖြစ်ပါတယ်။

ထို့အပြင် HYBE ရဲ့ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ ပရိသတ်တွေအတွက် အတောက်ပဆုံးနဲ့ ဂုဏ်ယူစရာအချိန်တွေကိုလည်း ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြပွဲမှာတော့ “Seven Phases” series လို့ ခေါ်တဲ့ သူ့ရဲ့ အနုပညာလက်ရာထဲမှာ BTS အဖွဲ့ဝင်တွေကို ပုံဖော်ရေးဆွဲခဲ့တဲ့ အမေရိကန်နိုင်ငံသား visual artist James Jean ရဲ့ လက်ရာတွေ ပါဝင်မှာဖြစ်ပါတယ်။

ဒါတင်မကသေးပဲ HYBE INSIGHT ပြတိုက်မှာ HYBE Labels က အနုပညာရှင်တွေနဲ့ ပြတိုက်ရဲ့ အမှတ်တရ ပစ္စည်းတွေကို ရောင်းချသွားမယ့် အရောင်းဆိုင်တစ်ခု ပါဝင်မှာဖြစ်ငလို HYBE Labels က အနုပညာရှင်တွေ ဝတ်ဆင်ခဲ့ဖူးတဲ့ အဝတ်အစားတွေကို ပြန်လည်မွမ်းမံပြင်ဆင်ပြီး ရောင်းချသွားမယ့် ဓာတ်ခွဲခန်းတစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။

HYBE INSIGHT ကို အွန်လိုင်းကနေ ကြိုတင်ဘိုကင်လုပ်တဲ့စနစ်နဲ့ လည်ပတ်သွားမှာဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့ထိ ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ကတော့ ကိုရီးယား ဝမ် ၂၂၀၀၀ ကနေ ၂၅၀၀၀ ထိ ကျသင့်မှာဖြစ်ပါတယ်။

ပြတိုက်ကို သွားရောက်လည်ပတ်ချင်တဲ့သူတွေအနေနနဲ့ ဧပြီလ ၂၆ ရက်နေ့မှာ ဖွင့်လှစ်မယ့် HYBE INSIGHT ရဲ့ တရားဝင် website ကနေသော်လည်းကောင်း၊ မေလ ၃ ရက်နေ့မှာ ထုတ်လုပ်မယ့် mobile app ကနေသော်လည်းကောင်း ဘိုကင်တင်ရမှာဖြစ်ပါတယ်။

Source : Soompi
Photo : hybeinsight.com
Written : ZL

Share