၁၁ နှစ်ကြာပြီးနောက် “Running Man” မှ နှုတ်ဆက်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရသူ Lee Kwang Soo

မင်းသား Lee Kwang Soo ကတော့ SBS ရဲ့ လူကြိုက်များတဲ့ TV program ဖြစ်တဲ့ Running Man ကနေ ထွက်ခွာတော့မယ့်အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အစီအစဥ်ရဲ့ ပထမပိုင်းကတည်းက အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ Lee Kwang Soo ကတော့ ကျန်အဖွဲ့ဝင်တွေနဲ့အတူ ပရိသတ်တွေရဲ့နှလုံးသားထဲထိစွဲကျန်နေအောင် ဖျော်ဖြေတင်ဆက်ပေးနေခဲ့ရာမှ ၁၁ နှစ်ကြာပြီးနောက် အစီအစဥ်ကနေ ထွက်ခွာတော့မဲ့အကြောင်း Lee Kwang Soo ရဲ့ အေဂျင်စီ KINGKONG by STARSHIP ကနေ ထုတ်ပြန်ပေးခဲ့တာပါ။

Kwang Soo ဟာ သူ့ရဲ့ နောက်ဆုံးပါဝင်ရိုက်ကူးမဲ့အပိုင်းကို မေလ ၂၄ ရက်နေ့မှာ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဂွမ်ဆူဟာ ဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့ Running Man ရဲ့ အခြားအဖွဲ့ဝင်တွေနဲ့ကော၊ ထုတ်လုပ်ရေးဖက်နဲ့ပါ အချိန်အတော်ကြာ ဆွေးနွေးတိုင်ပင်ခဲ့ရတယ်လို့ အေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ထုတ်ပြန်ကြေညာချက်အရ Lee Kwang Soo ဟာ ၂၀၂၀ တုန်းက ဖြစ်ခဲ့တဲ့ ကားမတော်တဆမှုကြောင့် ခြေကျင်းဝတ်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုဒဏ်ရာ အရှင်းပျောက်ကင်းတဲ့အထိ ကုသမှုတွေပြုလုပ်ဖို့ အားစိုက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကတော့… “Hello, KINGKONG by STARSHIP မှ ဖြစ်ပါတယ်။ မင်းသား Lee Kwang Soo ကတော့ Running Man ရဲ့ မေလ ၂၄ ရက်နေ့အပိုင်းကို နောက်ဆုံးရိုက်ကူးသွားမှာဖြစ်ပြီး အစီအစဥ်ကနေ ထွက်ခွာသွားတော့မှာဖြစ်ပါတယ်။

မနှစ်ကဖြစ်ခဲ့တဲ့ ကားမတော်တဆမှုကြောင့် Lee Kwang Soo ဟာ ခြေကျင်းဝတ်ဒဏ်ရာကို ဆိုးဆိုးရွားရွားခံစားနေခဲ့ရတာဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ကုသမှုတွေကို ဆက်တိုက်ဆိုသလို ခံယူနေရင်း တစ်ဖက်မှာလည်း သူ့ရဲ့ရိုက်ကူးရေးတွေနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားရင်း အခက်အခဲတွေ ကြုံတွေ့လာခဲ့ရပါတယ်။

ဒါ့ကြောင့်မို့လို့ ဂွမ်ဆူနဲ့ကော Running Man မိသားစုဝင်တွေနဲ့အတူ ဆက်တိုက်ဆိုသလို ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ခဲ့ရပါသေးတယ်။ အချိန်အကြာကြီး ဆွေးနွေးခဲ့ကြပြီးတဲ့နောက် Lee Kwang Soo ဟာ အစီအစဥ်ကနေ အချိန်ခဏတာ အနားယူပြီး ခြေကျင်းဝတ်ဒဏ်ရာ ပြန်လည်ကောင်းမွန်လာဖို့ ဦးစားပေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုမျိုးဆုံးဖြတ်ချက်ဟာ ဂွမ်ဆူ့အတွက်တော့ မလွယ်ကူခဲ့ပါဘူး။ Running Man ဟာ သူ့ရဲ့ ဘဝအစိတ်အပိုင်းဖြစ်နေတဲ့အပြင် ၁၁ နှစ်ကြာ အတူအလုပ်လုပ်ကိုင်ရင်း သံယောဇဥ်တွေရစ်ပတ်ချည်နှောင်ထားပြီးမိသားစုနီးပါးဖြစ်​နေပြီဖြစ်တဲ့ အဖွဲ့ဝင်တွေနဲ့ ခွဲခွာရမဲ့ကိစ္စဟာ သူ့အတွက်တော့ လွန်စွာမှ ခက်ခဲလှပါတယ်။

သို့သော်လည်း ကျန်းမာရေးအခြေအနေကောင်းမွန်မှ ရိုက်ကူးရေးတွေအဆင်ပြေချောမွေ့မဲ့အကြောင်း ကောင်းစွာသိနေတဲ့ Kwang Soo ဟာ ကုသရေးဖက်ကို အာရုံစိုက်ပြီး အချိန်ယူ ကုသသွားမှာဖြစ်တာကြောင့် အချိန်တစ်ခုရောက်ရင် သူ့ရဲ့ Running Man မိသားစုဝင်တွေနဲ့ ပရိသတ်တွေထံ ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ ပြန်လာမှာဖြစ်ပါတယ်။

Running Man မှာ ရှိနေစဥ်အတွင်း Kwang Soo ကို အားပေးချစ်ခင်ပြီးပံ့ပိုးပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပိုပြီးကျန်းမာပျော်ရွှင်တဲ့ပုံစံနဲ့ ပြန်လာမယ်လို့ ဂွမ်ဆူက ကတိပေးပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်” လို့ ရေးသားဖော်ပြထားတာပါ။

Running Man ရဲ့ အမာခံပရိသတ်တွေကတော့ Lee Kwang Soo အတွက် အကောင်းမွန်ဆုံးဆုတောင်းရင်း ခြေကျင်းဝတ်လည်း ပြန်လည်ကောင်းမွန်လာစေဖို့ နှလုံးသားထဲကနေ လေးနက်စွာဆုတောင်းပေးခဲ့ကြပါတယ်။ ပရိသတ်ကြီးတို့လည်း Running Man ထဲက Lee Kwang Soo ရဲ့ သစ္စာဖောက်မှုတွေ၊ ရီစရာကောင်းတဲ့ ကစားကွက်တွေကို တသသနဲ့ လွမ်းနေရဦးတော့မှာပါပဲ။

Source: Koreaboo
Photos: SBS
Written: Nay Chi

Share