Trainee ဘဝတုန်းက အဆိုတော်တစ်ယောက်ဖြစ်လာဖို့ကို Rosé ရဲ့ ယုံကြည်မှုက ဘယ်လောက်ရှိခဲ့သလဲ

တောင်ကိုရီးယားနိုင်ငံမှာ အဆိုတော်အဖြစ် Debut လုပ်နိုင်ဖို့ဆိုတာကိုတော့ လူငယ်တိုင်းလိုလိုတွေးမိကြဖူးမှာပါ။ BLACKPINK ရဲ့ Rosé ကလည်း တချိန်က Trainee တစ်​ယောက်ဖြစ်ခဲ့ဖူးတာကြောင့် သူမအပေါ်မှာထားရှိတဲ့ သူမရဲ့ကိုယ်ပိုင်ယုံကြည်ချက်ဟာ ခိုင်မာပြင်းထန်လွန်းလှပါတယ်။

Rosé ဟာဆိုရင် သူမရဲ့မွေးရပ်မြေ သြစတေးလျနိုင်ငံကနေ အသက်ငယ်ရွယ်စဥ်မှာပဲ ထွက်လာခဲ့ပြီး သူမရဲ့စိတ်ကူးယဥ်အိပ်မက်ဖြစ်တဲ့ အဆိုတော် Idol တစ်​ယောက်ဖြစ်လာဖို့ တောင်ကိုရီးယားကို ခြေဆန့်လာခဲ့သူလေးပါ။ Australian ရှိုးတစ်ခုဖြစ်တဲ့ The Project အစီအစဥ်မှာတော့ သူမရဲ့အခက်အခဲတွေ၊ အိမ်လွမ်းဝေဒနာခံစားခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။

ပွဲအခမ်းအနားမှူးတစ်ယောက်က “ငါ့ရဲ့ရွေးချယ်မှုကတော့ မှားသွားခဲ့ပြီဆိုပြီးများ တွေးမိတဲ့အချိန်ရှိဖူးသလား?” ဆိုပြီးမေးမြန်းခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ Rosé က “ဟုတ်ကဲ့..ရှိခဲ့ဖူးပါတယ်။ အဲ့ဒီ့အတွေးတွေကြောင့် တော်တော်လေးပင်ပန်းခဲ့ရတယ်လို့ ပြောရပါမယ်။ Trainee ဘဝတုန်းက ကျွန်မဘယ်လောက်တောင် စိတ်ထိရှလွယ်သလဲဆိုတာကို သတိရမိတယ်။

အိမ်ကိုလွမ်းလွန်းလို့ အများကြီးလည်း ငိုခဲ့ဖူးတယ်။ အဲ့အချိန်ဆိုရင် ကျွန်မရဲ့မိဘတွေက ကျွန်မကိုပြန်လာခဲ့ဖို့ပြောပါတယ် “သမီးလေး..အိမ်ကိုပဲပြန်လာခဲ့ပါ့လား.. Australia ကိုပဲ ပြန်လာခဲ့လိုက်ပါ့လား.. ပြီးရင် ကျောင်းပြန်တက်ပြီး သမီးလေးလုပ်ချင်တဲ့အရာတွေကို စိတ်ကြိုက်လုပ်ပါ့လား” ဆိုပြီး ကျွန်မမိဘတွေက ပြန်ခေါ်ပါတယ်။

သူတို့တွေက ကျွန်မကိုဂရုစိုက်တယ်။ ကျွန်မစိတ်ခံစားချက်တွေကို ဖေးမသလို ကျွန်မငိုရင်းလည်း အမြဲတမ်းအားပေးပါတယ်။ အဲ့တုန်းကတော့ ကျွန်မရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ပဲ အားသန်နေခဲ့တော့ အဆိုတော်ဖြစ်ဖို့ကလွဲပြီး ဘာကိုမှ အာရုံမရှိခဲ့ဖူးဘူး။

အမေတို့ပြောတာတွေကို လက်မခံဘဲ ကျွန်မရဲ့အိပ်မက်နောက်ကို တစ်စိုက်မတ်မတ်နဲ့လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မငိုချင်လည်းငိုမယ်..ဒါပေမဲ့ ဘယ်တော့မှာနောက်ပြန်လှည့်မှာမဟုတ်ဘူးဆိုတာကတော့ လုံးဝကြီးသေချာနေခဲ့တာပါ။ Trainee ဘဝတုန်းက ပင်ပန်းခက်ခဲခဲ့ရတာတွေရှိပေမဲ့ ဒီလမ်းကိုရွေးချယ်မိလို့ ဘယ်တုန်းကမှ နောင်တမရခဲ့ဖူးပါဘူး။

ဒီကြားထဲမှာ ကျွန်မခြေလှမ်းတွေကို တုံ့နှေးစေတဲ့အတွေးတစ်ခုကလည်း ရှိခဲ့ဖူးတယ်။ အဲ့ဒါကတော့ ‘အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ တောင်ကိုရီးယားကို အရဲစွန့်လာခဲ့ရပေမဲ့..တကယ်လို့များ ငါမလုပ်နိုင်ခဲ့ရင်ကော?’ဆိုပြီး တွေးပူခဲ့မိတာပါ။ ဒါပေမဲ့လည်း ကျွန်မဟာ အဆိုတော်တစ်ယောက်ဖြစ်လာမယ်ဆိုတာကတော့ လုံးဝသေချာကြီးကို ခံစားမိနေခဲ့ပါတယ်” ဆိုပြီး အတိတ်ကိုတွေးတောရင်း ပြန်ဖြေပေးခဲ့ပါတယ်။

အပြိုင်အဆိုင်တွေများလှတဲ့ Trainee တစ်ယောက်ရဲ့ ဘဝခရီးက မသေချာမရေရာလှဘူးဆိုတာကို သိပြီးသားဖြစ်ကြမှာပါ။ Rosé အတွက်လည်း အခက်အခဲတွေရှိပေမဲ့ သူမရဲ့အိပ်မက်အပေါ်ထားရှိတဲ့ ပြင်းထန်ခိုင်မာတဲ့ယုံကြည်ချက်ကြောင့် ယခုအချိန်မှာ အောင်မြင်မှုအသီးအပွင့်တွေကို သုံးဆောင်နေရပါပြီ။

အဆိုတော်တစ်ယောက်ဖြစ်လာခဲ့ပြီး BLACKPINK ရဲ့ အဖွဲ့ဝင်တစ်​ယောက်အဖြစ်ကော တကိုယ်တော်အဆိုတော်အနေနဲ့ကာ စံချိန်ပေါင်းများစွာတင်ရင်း အောင်မြင်မှုတွေကို သိမ်းပိုက်နေတဲ့ Rosé လေးကို အတုယူရင်း ကိုယ်ယုံကြည်ရာ၊ ကိုယ့်ရဲ့အိပ်မက်တွေကို တစိုက်မတ်မတ်ကြိုးစားရင်း အကောင်အထည်ဖော်နိုင်ကြပါစေနော်။

Source: Koreaboo
Photos: BLACKPINK Daily
Written: Nay Chi

Share