မင်းသား Gulf Kanawut ဟာ ဘယ်မင်းသမီးတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ချင်သလဲဆိုတော့…

Gulf Kanawut ကတော့ ထိုင်းဇာတ်လမ်းတွဲတွေကိုကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတွေနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့မင်းသားတစ်ယောက်ပါပဲ။ အထူးသဖြင့် BL ဇာတ်လမ်းတွဲဖြစ်တဲ့ “TharnType The Series” မှာ အဓိကဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း နာမည်ကျော်ကြားလူကြိုက်များလာခဲ့တာပါ။

လက်ရှိထိုင်းအနုပညာလောကရဲ့ နာမည်ရမင်းသားဖြစ်သူ Gulf ကတော့ နာမည်ကြီး Thai TV3 နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အနုပညာအလုပ်တွေကို ရှေ့ဆက်လုပ်ဆောင်နေပါတယ်။ အစီအစဥ်တွေ၊ ပွဲအခမ်းအနားတွေကိုလည်း ဆက်တိုက်တက်ရောက်နေရပြီး Thai TV3 ရဲ့ နာမည်ကြီးအစီအစဥ် ‘3 Zaap’ မှာ တက်ရောက်ခဲ့ပြီး အတူတွဲဖက်သရုပ်ဆောင်ချင်ခဲ့တဲ့ မင်းသမီးတွေကိုပြောပြခဲ့ပါတယ်။

အစီအစဥ်တင်ဆက်သူက “ဘယ်မင်းသမီးနဲ့အတူ တွဲဖက်ပြီး အလုပ်လုပ်ချင်ဆုံးလဲ?” ဆိုပြီးမေးမြန်းခဲ့ပါတယ်။ ထိုအခါမှာတော့ Gulf က “ဟိုအရင်တုန်းကတော့ ကျွန်တော်ဟာ စီနီယာမင်းသမီးကြီး P’ Aff Taksaorn နဲ့အတူ တွဲဖက်ပြီး သရုပ်ဆောင်ချင်ပါတယ်” လို့ အဖြေပေးခဲ့ပါတယ်။

ထိုအခါမှာတော့ ပွဲအခမ်းအနားမှူးက “အဲ့တာဆိုရင်..အခုကော ဘယ်သူနဲ့အတူ တွဲဖက်အလုပ်လုပ်ချင်သလဲ?” လို့ ဆက်ပြီးမေးပါတော့တယ်။ ဒီမေးခွန်းကိုတော့ Gulf ဟာ ပွင့်လင်းစွာနဲ့ပဲ “အခုတော့ မင်းသမီး P’ Yaya နဲ့ သရုပ်ဆောင်ချင်ပါတယ်။

လက်ရှိအနုပညာလောကထဲမှာ P’ Yaya က နာမည်ကြီးပဲလေ။ နာမည်ကြီးသလိုပဲ သူမက အရည်အချင်းရှိပြီး စွမ်းဆောင်ရည်အပြည့်ပဲ။ ဖြစ်နိုင်မယ်ဆိုရင် တစ်ခါလောက်ပဲဖြစ်ဖြစ် သူမနဲ့အတူ တွဲဖက်ပြီးအလုပ်လုပ်ချင်ပါတယ်” ဆိုပြီး ပြန်ဖြေပေးခဲ့ပါတော့တယ်။

Gulf ကိုယ်တိုင်ဖော်ပြခဲ့တဲ့ မင်းသမီးနှစ်ယောက် Aff Taksaorn နဲ့ Yaya Urassaya တို့ဟာ ထိုင်းအနုပညာနယ်ပယ်ထဲမှာ သရုပ်ဆောင်ခြင်းနဲ့ပတ်သက်လာရင် နာမည်ကျော်ကြားလူကြိုက်များသူတွေဖြစ်ပြီး ဇာတ်လမ်းပေါင်းများစွာနဲ့ ပရိသတ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့သူတွေပါပဲ။ အကယ်၍သာ Gulf ရဲ့ ဆန္ဒတွေ တကယ်ဖြစ်မြောက်လာမယ်ဆိုရင်တော့ လူကြိုက်များတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်လာဦးတော့မှာဖြစ်ပါတယ်။

Source: ThaiUpdate
Photos: Weibo
Written: Nay Chi

Share