တကိုယ်တော်လှုပ်ရှားမှုတွေအပြင် GOT7 အဖွဲ့အတွက်ပါ ပြုလုပ်ထားတဲ့အစီအစဥ်တွေကိုပြောပြခဲ့တဲ့ Jay B

Newsen က ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာတော့ GOT7 ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Jay B ကတော့ သူ့ရဲ့တကိုယ်တော်လှုပ်ရှားမှုတွေအပြင် GOT7 အဖွဲ့ရဲ့ အနာဂတ်အစီအစဥ်တွေကို​ပါ ဖွင့်ဟလာခဲ့ပါတယ်။

၂၀၂၁ အစောပိုင်းတုန်းက JYP Entertainment ကနေ စွန့်ခွာခဲ့ကြတဲ့ GOT7 အဖွဲ့ကတော့ အဖွဲ့ဝင် ၇ ယောက်စလုံးကလည်း တကိုယ်တော်လှုပ်ရှားမှုတွေနဲ့ အနာဂတ်အနုပညာပုံရိပ်ကို ပုံဖော်နေကြပြီး တစ်ဖက်မှာလည်း GOT7 အဖွဲ့အနေနဲ့ သီချင်းဖန်တီးမှုတွေရှိနေပြန်ပါတယ်။

ပရိသတ်တွေကိုပေးခဲ့တဲ့ကတိအတိုင်း ကုမ္ပဏီကထွက်ပြီးတစ်လအကြာမှာပဲ အဖွဲ့လိုက်အနေနဲ့ “Encore” ဆိုတဲ့ သီချင်းလေးကို ထုတ်ပေးခဲ့တာပါ။ ဒီအတွက် အဖွဲ့ခေါင်းဆောင် Jay B ကတော့ သူ့ရဲ့တကိုယ်တော်ဖန်တီးမှုတွေအပြင် အဖွဲ့အတွက်ရေရှည်အစီအစဥ်တွေကိုလည်း ထုတ်ပြောပြလာပါတော့တယ်။

Jay B ကတော့ လတ်တလောမှာ solo album ထွက်လာဖို့အတွက် အလုပ်တွေကြိုးစားနေပြီး Album ထဲမှာတော့ ဝမ်းနည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်လေးတွေ၊ ဘဝကိုဖြတ်သန်းရင်း ကြုံတွေ့ခဲ့ရတဲ့ လေးနက်တဲ့ခံစားချက်တွေကို သီချင်းတွေအဖြစ် ပြောင်းလဲရေးစပ်ဖန်တီးထားတယ်လို့ဆိုပါတယ်။

Jay B ဟာ ခံစားချက်မျိုးစုံပေးနိုင်တဲ့ သီချင်းတွေကိုဖန်တီးလိုတယ်လို့ဆိုပါတယ်။ “ကျွန်တော်က စေ့စပ်သေချာသလို ဇီဇာလည်းကြောင်တယ်။ အဲ့တော့ ကျံန်တော်ဘာပဲလုပ်လုပ် မျှော်မှန်းထားတဲ့အတိုင်းအကောင်းဆုံးဖြစ်အောင်လုပ်တယ်။

အလုပ်တစ်ခုခုလုပ်ရပြီဆိုရင် ကျွန်တော်ဘယ်လောက်ထိ ကောင်းကောင်းလုပ်နိုင်မလဲဆိုတာကို တွေးပြီးမျှော်လင့်တတ်ပါတယ်။ သီချင်းတွေဖန်တီးဖို့အတွက်တော့ အရင်ဆုံးအနေနဲ့ ကျွန်တော့်ရဲ့မိဘတွေ၊ အစ်ကိုကြီးတွေဆီကနေ သူတို့ပြောသမျှအကြောင်းအရာတွေကိုထပ်တူခံစားကြည့်ရင်း ဒဿနတွေထွက်လာအောင်ဖန်တီးလိုက်ပါတယ်။ GOT7 ကတော့ ကျွန်တော်လုပ်နေကျပုံစံအတိုင်းမသွားပါဘူး။

ဒါပေမဲ့လည်း အဖွဲ့အနေနဲ့ အပေးအယူရှိခဲ့ပါတယ်။ “Look” နဲ့ “Breath” လိုမျိုးသီချင်းကောင်းတွေကို အတူဖန်တီးနိုင်ခဲ့ပြီး နားဆင်သူတွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့တယ်လေ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခုခုကို ပုံသေတစ်သတ်မတ်တည်းလုပ်ရတာမျိုးထက် ပုံစံပြောင်းလဲပြီးလုပ်ရတာမျိုးကို ကြိုက်နှစ်သက်ပါတယ်” ဆိုပြီး Jay B က ပြောပြခဲ့တာပါ။

ဒါ့အပြင် Jay B ဟာ အဖွဲ့လိုက် ၇ ယောက်အတူရှိတုန်းအချိန်တွေကို အမြဲသတိရပြီး ပျော်ရွှင်ခဲ့တဲ့အချိန်ကောင်းတွေကိုလည်း တမ်းတတွေးတောမိတယ်လို့ဆိုပါတယ်။ “ပြီးခဲ့တဲ့ ၇ နှစ်ကြာအတူရှိခဲ့တဲ့အချိန်တွေကိုပြန်တွေးမိတိုင်း ထိုင်းမှာ promotion ဆင်းတုန်းကအချိန်ကို အမှတ်အရဆုံးပါပဲ။

ကျွန်တော်တို့က solo tracks ကိုယ်စီနဲ့ ၇ရက်လုံးလုံးဖျော်ဖြေခဲ့ကြတယ်။ နောက်ဆုံးမှ “OUT” သီချင်းကို အဖွဲ့လိုက်အဖြစ် အတူတူဖျော်ဖြေခဲ့ကြတာလေ.. အတူတူကပြဖျော်ဖြေဖို့ တအားကိုစိတ်လှုပ်ရှားနေခဲ့ကြတာပေါ့။ ကျွန်တော်ကတော့ ၇ ယောက်အတူတူရှိတုန်းအချိန်တွေကို မကြာခဏတွေးမိနေပါတော့တယ်။

JYP Entertainment ကနေ ထွက်ခွာခဲ့ပေမဲ့လည်း GOT7 ဆိုတဲ့ ပုံပြင်လေးတစ်ပုဒ်ကတော့ မပြီးဆုံးသေးပါဘူး။ သီချင်းတွေ၊ အနုပညာဖန်တီးမှုတွေကနေတစ်ဆင့် ပရိသတ်တွေကို ကျေးဇူးပြန်ဆပ်ဦးမှာပါ။ အနည်းဆုံး တစ်နှစ်မှာ Album တစ်ခုထွက်နိုင်အောင် ကျွန်တော်တို့ ၇ ယောက်လုံးကြိုးစားသွားမှာပါ။

စင်ပေါ်မှာ ဖျော်ဖြေပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အဖွဲ့နဲ့ပတ်သက်ပြီး ထူးခြားတဲ့နေ့တွေရောက်ရင် ကျွန်တော်တို့တွေ ဘယ်လိုမျိုးခံစားနေရလောက်သလဲဆိုတဲ့မေးခွန်းကို တခြားအဖွဲ့ဝင်တွေနဲ့အတူ အများကြီးပြောဖြစ်ခဲ့ကြပါသေးတယ်။

ဒါ့ကြောင့်မို့လို Album ထဲမှာပါမယ့် ခေါင်းစဥ်တွေ၊ ဆိုလိုရင်းနဲ့ ပြောပြချင်တဲ့စကားလုံးတွေကို ရေးစပ်ထားတဲ့သီချင်းစာသားတွေ..ဒါတွေကို အတူတူဆွေးနွေးခဲ့ကြပါတယ်။ ဒါက ကျွန်တော်တို့ ၇ ယောက်စလုံး ပရိသတ်တွေအတွက်လုပ်ပေးနိုင်တဲ့အရာလေးပါပဲ” လို့ ဖြေဆိုပေးခဲ့ပါတော့တယ်။

GOT7 အဖွဲ့ဝင်တွေကတော့ ကိုယ်စီအနုပညာလှုပ်ရှားမှုအပြင် အဖွဲ့လိုက်အနေနဲ့ပါ ပရိသတ်တွေအတွက် စုပေါင်းလုပ်ကိုင်နေပြီဖြစ်တာကြောင့် မကြာခင်မှာတော့ GOT7 ရဲ့ Album သစ်ကို မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ၇နှစ်ကာလပတ်လုံး ပရိသတ်တွေနဲ့အတူရှိနေပေးခဲ့ပြီး အားလုံးကိုဖျော်ဖြေရင်း ကြိုးစားနေခဲ့ကြတဲ့ GOT7 အဖွဲ့အတွက်တော့ အမြဲတမ်းအားပေးနေဖြစ်ဦးတော့မှာပါပဲ။

Source: Koreaboo
Photos: Naver×Dispatch
Written: Nay Chi

Share