Xiao Zhan နဲ့ Ren Min တို့ကို အတူတွဲဖက်မြင်ရတော့မယ့် “Jade Bone Ballad” ဇာတ်လမ်းသစ်

နာမည်ကြီးမင်းသား Xiao Zhan နဲ့ တက်သစ်စနာမည်ရမင်းသမီးလေး Ren Min တို့ကတော့ ဝတ္ထုကိုအခြေခံပြီးရိုက်ကူးတော့မယ့် စိတ်ကူးယဥ်ရှေးဟောင်းတရုတ်ဇာတ်လမ်းတွဲသစ် Jade Bone Ballad ရဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်ကြောင်းကြေညာခဲ့ပြီးဖြစ်ပါတယ်။

ဒီထုတ်ပြန်ကြေညာချက်ကတော့ ကြည့်ရှုသူတွေအတွက် စိတ်လှုပ်ရှားမှုကိုဖြစ်စေခဲ့ပြီး Xiao Zhan ကို နောက်ထပ် ရှေးဟောင်းဇာတ်လမ်းတွဲမှာ ပြန်လည်ကြည့်ရှုအားပေးနိုင်တော့မှာဖြစ်လို့ ကျေနပ်နေခဲ့ကြတာပါ။ မင်းသမီးလေး Ren Min အတွက်တော့ ယခုလိုမျိုး ရှေးဟောင်းဇာတ်လမ်းတွဲမှာ အဓိကမင်းသမီးအဖြစ် ပထမဆုံးအကြိမ်ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

ရိုက်ကူးရေးလည်းစတင်နေပြီဖြစ်လို့ ဇာတ်လမ်းနဲ့ပတ်သက်တဲ့ တရားဝင်ပုံလေးတွေထွက်ပေါ်လာပြီးနောက် အဓိကသရုပ်ဆောင်နှစ်ယောက်ရဲ့ ချောမောလှပတဲ့ရုပ်ရည်အပြင် သရုပ်ဆောင်ပိုင်းဆိုင်ရာ ပီပြင်အသက်ဝင်မှုတွေကြောင့် ပရိသတ်တွေရဲ့အာရုံကို အလုံးစံသိမ်းပိုက်ထားနိုင်ခဲ့ပြီး မထွက်ခင်ကတည်းက လူပြောများနေတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်နေပါပြီ။

Jade Bone Ballad ဇာတ်လမ်းတွဲကတော့ Mirror: Zhu Yan ဆိုတဲ့ ဝတ္ထုကိုအခြေခံထားတာဖြစ်ပြီး Kong Sang ပြည်နယ်ကိုကျောရိုးယူထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တော်ဝင်မင်းသား Shi Ying နဲ့ Chi Yi လူမျိုးစုရဲ့မင်းသမီး Zhu Yan တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ။ ဆရာ-တပည့်ဆက်ဆံရေးနဲ့စတင်ခဲ့တဲ့ သူတို့နှစ်​ယောက်ရဲ့တွေ့ဆုံမှုကနေ တဖြည်းဖြည်းနဲ့ မသိလိုက်ဘဲ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာသက်ဝင်လာခဲ့ ကြပါတော့တယ်။

သို့ပေမဲ့လည်း ဆရာနဲ့တပည့်ဆိုတဲ့ခေါင်းစဥ်ကြောင့်ပဲ သူတို့ရဲ့ခံစားချက်တွေက မသင့်လျော်၊ မလျော်ကန်ဘူးဆိုတဲ့စိတ်တွေနဲ့ ခံစားချက်ကိုယ်စီကို ဖုံးကွယ်ခဲ့ရတဲ့အပြင် မတူညီတဲ့နိုင်ငံရေးနောက်ခံတွေကြောင့်ပဲ နှစ်​ယောက်သား ဝေးကွာခဲ့ရပါတော့တယ်။

ဒီလိုမျိုးရှောင်လွှဲလို့မရတဲ့အခြေအနေတွေဟာ စိတ်ပျက်ဖွယ်ရုန်းကန်မှုတွေကိုဦးတည်သွားခဲ့ပေမဲ့လည်း သူတို့ရဲ့ပြည်နယ်ကိုစောင့်ရှောက်ထိန်းသိမ်းဖို့အတွက် အလုပ်အတူတူလုပ်ဆောင်ခဲ့ရမှ နိုင်ငံ့ကာကွယ်ရေးအတွက်ကော၊ သူတို့နှစ်ယောက်ရဲ့အချစ်အတွက်ပါ တားဆီးထားတဲ့အရာတွေကိုကျော်ဖြတ်နိုင်ဖို့ နည်းလမ်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတော့တယ်။ အချစ်နဲ့အလုပ်ကြားက အခက်အခဲအတားအဆီးတွေကို ဘယ်လိုမျိုးကျော်ဖြတ်သွားနိုင်မလဲဆိုပြီး စိတ်ဝင်တစားကြည့်ရမှာလည်းဖြစ်ပါတယ်။

မူရင်းဝတ္ထုကတော့ အမျိုးသမီးဇာတ်လိုက်ကို ဦးစားပေးရေးသားထားပေမဲ့လည်း ဇာတ်လမ်းရိုက်ကူးမှုမှာတော့ ဇာတ်ညွှန်းပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီး Xiao Zhan ရဲ့ အမျိုးသားဇာတ်ကောင်ကို အဓိကထားပြီးရိုက်ကူးသွားမှာလည်းဖြစ်ပါတယ်။

သတင်းအရင်းအမြစ်တွေကတော့ ယခုထပ်မံရိုက်ကူးမယ့်ဇာတ်လမ်းတွဲကလည်း Douluo’s Continent နဲ့ အနည်းငယ်ဆင်တူမှုရှိနေတယ်လို့ဖော်ပြခဲ့ကြပါတယ်။ ဇာတ်ညွှန်းပုံစံလေးကစိတ်ဝင်စားစရာကောင်းနေတဲ့အပြင် Xiao Zhan နဲ့ Ren Min တို့ကလည်း အတွဲညီညီသရုပ်ဆောင်နိုင်မလားဆိုတာကိုလည်း စောင့်ကြည့်အားပေးရမှာဖြစ်ပါတယ်။

Jade Bone Ballad ဇာတ်လမ်းသစ်က ငွေကြေးအမြောက်အမြားရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ထုတ်လုပ်ရေးဖက်ကလည်း အတွေ့အကြုံများစွာရှိတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ ဇာတ်လမ်းတွဲကိုတော့ Hong Kong ဒါရိုက်တာ Jeffery Chiang က ရိုက်ကူးမှာဖြစ်ပါတယ်။

ဇာတ်လမ်းနဲ့ပတ်သက်ပြီးအစောပိုင်းဖော်ပြချက်တွေကတော့ Jade Bone Ballad ရဲ့ အဝတ်အစားဒီဇိုင်းပြင်ဆင်ပေးမယ့်အဖွဲ့ဟာ နာမည်ကောင်းရထားပြီးကျွမ်းကျင်တဲ့အဖွဲ့ဖြစ်တာမို့လို့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ သရုပ်နဲ့လိုက်ဖက်မယ့် ဝတ်စုံတွေကို အသေးစိတ်ကအစ စီစဥ်ဖန်တီးသွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

မထွက်ခင်ကတည်းကရေပန်းစားနေတဲ့ Xiao Zhan နဲ့ Ren Min တို့ရဲ့ တရုတ်ရှေးဟောင်းဇာတ်လမ်းတွဲ Jade Bone Ballad ကိုတော့ ထွက်လာတဲ့အချိန်မှာ မလွတ်တမ်း အားပေးကြည့်ရှုနိုင်ဖို့ သတင်းကောင်းပါလိုက်ပါတယ်။

Source: Sohu
Photos: Weibo
Written: Nay Chi

Share