“Word of Honor” ရဲ့ သရုပ်ဆောင် နေရာတွေအတွက် Single တွေကိုပဲ ဦးစားပေးရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်း…

ကြည့်ရှုသူတွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့ပြီး Hit ဖြစ်ခဲ့တဲ့ တရုတ် Bromance ဇာတ်လမ်းတွဲ Word of Honor ကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Zhang Zhehan နဲ့ Simon Gong Jun တို့ရဲ့ အပေးအယူမျှမှုတွေကြောင့်ပဲ ယခုအချိန်ထိ ပြောလို့မဆုံးနိုင်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်နေခဲ့တာပါ။

ဒါ့ကြောင့်မို့လို့လည်း မြောက်မြားလှစွာသောမင်းသားတွေထဲကမှ သရုပ်ဆောင်ရွေးချယ်မှုအပိုင်းကို အားလုံးကသိချင်နေခဲ့ကြပါတယ်။ အပေးအယူမျှပြီး လိုက်ဖက်ညီစွာသရုပ်ဆောင်နိုင်မှုအပိုင်းဟာ စာရွက်ပေါ်ကအချက်အလက်တွေကိုကြည့်ရုံနဲ့ ဆုံးဖြတ်ရွေးချယ်လို့မရတဲ့အကြောင်း ဇာတ်လမ်းတွဲရဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်သူ Ma Tao ကဖော်ပြခဲ့ပါတယ်။

ဒီအတွက်ကြောင့်လည်း နာမည်ကြီးခဲ့တဲ့ Bromance ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ရွေးချယ်မှုအတွက် အဓိကထားပြီးရွေးချယ်ဖြစ်ခဲ့တဲ့အချက်အလက်တွေကိုပြောပြခဲ့ပါတော့တယ်။ ပထမဆုံးအနေနဲ့ အဓိကဇာတ်ဆောင်မင်းသားနှစ်ယောက်ဟာ ဘဝအတွေ့အကြုံများပြီး အသက် ၂၇ နဲ့ ၂၉ ကြားဖြစ်ရမယ်လို့ သူမကဆိုပါတယ်။

လူငယ်ကနေ လူကြီးဆန်သွားတဲ့ဇာတ်ညွှန်းမျိုးမဟုတ်တာကြောင့် ဘဝနဲ့ဆိုင်တဲ့အတွေ့အကြုံမရှိသူတွေဟာ ဒီဇာတ်ကောင်တွေကို သဘာဝကျကျနဲ့ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့လည်းပြောပြခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ မင်းသားနှစ်ယောက်မှာ သံယောဇဥ်အနှောင်အဖွဲ့တွေမရှိရပါဘူးတဲ့။

ပြောချင်တာကတော့ နှစ်ယောက်စလုံးက Single တွေဖြစ်ရမယ်လို့ဆိုတာပါ။ Ma Tao က “Bromance ဇာတ်လမ်းတွဲရိုက်ပြီး နာမည်ကြီးလာဖို့မျှော်လင့်တယ်ဆိုရင်… ဘယ်ကြည့်ရှုသူတွေကတော့ ဇာတ်ဆောင်တွေမှာရစ်နှောင်ပြီးသားသံယောဇဥ်ကြိုးတွေ ရှိနေစေချင်မှာလဲ” ဆိုပြီး Single ဖြစ်ဖို့အရေးကြီးတဲ့အချက်ကို သွယ်ဝိုက်ပြီးပြောပြသွားခဲ့ပါတော့တယ်။

Word of Honor ဇာတ်လမ်းတွဲထုတ်လွှင့်ပြသပြီးတဲ့နောက် အဓိကမင်းသားနှစ်ယောက်ဖြစ်သူ Zhang Zhehan နဲ့ Simon Gong Jun တို့ရဲ့ နာမည်ကြီးသွားမှုကြီးဟာ အဆုံးမသတ်နိုင်အောင်ဖြစ်ခဲ့ပါတော့တယ်။ Zhou Zishu နဲ့ Wen Kexing ဇာတ်ကောင်တွေအတွက်တော့ Zhang Zhehan ဟာ လူရွေးပွဲဖြေစရာမလိုဘဲ ရရှိခဲ့တာဖြစ်ပြီး Gong Jun ကတော့ လူရွေးချယ်ပွဲကနေတစ်ဆင့် ရွေးချယ်ခဲ့တာလို့ Ma Tao က ပြောပြခဲ့ပါတယ်။

Bromance ဇာတ်လမ်းတွဲလို့သာပြောပေမဲ့ ပိုသာတဲ့တစ်ချို့​သောဇာတ်လမ်းဇာတ်ကွက်တွေကြောင့် ပရိသတ်တွေသဘောတွေ့ခဲ့ကြရသလို Zhang Zhehan နဲ့ Gong Jun တို့ရဲ့ လိုက်ဖက်ညီလွန်းတဲ့သရုပ်ဆောင်ချက်တွေကိုလည်း နှစ်ခြိုက်ခဲ့ကြပါတော့တယ်။

နာမည်လွန်စွာကြီးလာခဲ့ပြီးနောက် အရူးအမူးဖြစ်နေတဲ့ပရိသတ်တွေရဲ့နှောင့်ယှက်မှုတွေကိုခံခဲ့ရတာတွေဟာ အောင်မြင်မှုရဲ့အကျိုးဆက်တွေလို့တောင်ပြောရပါတော့မယ်။ တစ်ဖက်မှာလည်း Zhang Zhehan နဲ့ Simon တို့ဟာ ပွဲအစီအစဥ်တွေမှာ အတူတူတွေ့ရင်တောင် အပေးအယူရှိလွန်းနေခဲ့တာကြောင့် ပရိသတ်တွေကြားမှာ မကြာခဏ Trending ဖြစ်ပြီး အားပေးခြင်းကိုလည်း ရရှိနေတော့တာဖြစ်ပါတော့တယ်။

Source: dramapanda
Photos: Weibo
Written: Nay Chi

Share