Jimin တစ်ယောက် V ဆီကနေပြီး နှစ်ခြိုက်အားကျရတဲ့ အရာနှစ်ခုက ဘာတွေများလဲဆိုတော့…

BTS အဖွဲ့ရဲ့ ၇ယောက်သော အဖွဲ့ဝင်တွေကတော့ ညီအစ်ကိုတွေနဲ့မခြား ချစ်ခင်ကြင်နာကြတာကို အားလုံးလည်း သိပြီးသားဖြစ်ကြမှာပါ။ အထူးသဖြင့်တော့ V နဲ့ Jimin ဟာ စကြနောက်ကြရင်း အတွဲညီသလို တစ်ယောက်အပေါ်တစ်ယောက်လည်း တော်တော်လေးကို တွယ်တာမှုကြီးလှပါတယ်။

ဒီအတွက် interview တစ်ခုမှာတော့ V နဲ့ပတ်သက်ပြီး အားကျနှစ်ခြိုက်ရတဲ့အရာတွေရှိရင် ဖြေပေးဖို့ Jimin ကို မေးမြန်းတဲ့အခါမှာ Jimin က သူအားကျတဲ့အရာ ၂ခုကို အဖြေပေးခဲ့ပါတော့တယ်။ Jimin က “ကျွန်တော့်ရဲ့ လက်ကလေ သေးသေးလေးဆိုတော့ လက်ချောင်းလေးတွေကလည်း ပိစိကွေးလေးတွေဖြစ်နေပါတယ်။

တကယ်တမ်း V ဆီက အားအကျဆုံးအရာကိုဖြေရရင်တော့ သူ့ရဲ့ လက်ကို အရင်ဆုံးဖြေဆိုရပါလိမ့်မယ်။ V ရဲ့လက်က ကျွန်တော်နဲ့စာရင် ကြီးပြီး လှတယ်လေ.. ပြီးတော့ မိုက်ခ် ကိုင်ဖို့လည်း အဆင်ပြေတယ်။ ကျွန်တော့်ရဲ့လက်သေးသေးလေးကကျတော့ မိုက်ခ်ကိုင်ရတဲ့အခါမှာ အခက်အခဲရှိတယ်။

လက်ကသေးနေတဲ့အပြင် ဖောင်းပြည့်နေတော့ မိုက်ခ်ကို လှည့်တာမျိုးလည်း လုပ်လို့မရဘူး..အဲ့တာကြောင့် V ရဲ့ လက်တွေကို အားအကျဆုံးပဲ” လို့ ပထမဆုံးတစ်ခုကို ချစ်စရာကောင်းအောင် ပြောပြလာခဲ့ပါတယ်။

V နဲ့ပတ်သက်ပြီး နောက်ထပ်အားကျရတဲ့အရာကတော့ V ရဲ့ “ဖြူစင်တဲ့နှလုံးသား” ပါတဲ့။ ဒါကို Jimin က “V ကလေ သူဖြစ်ချင်တဲ့အရာအတိုင်းကို ပွင့်ပွင့်လင်းလင်းနဲ့ စိုးရိမ်ပူပန်မှုမရှိဘဲ ဖော်ထုတ်ဖွင့်ဟနိုင်ပါတယ်။

ဒါကလည်း ဖြူစင်ရိုးသားတဲ့ နှလုံးသားတစ်စုံရဲ့ ဆန္ဒအတိုင်း သူ့အနေနဲ့ အခက်အခဲမရှိ အေးအေးဆေးဆေး ပြောနိုင်ဆိုနိုင်တာပါ။ ကျွန်တော်ငယ်ငယ်လေးကလည်းက ဒီလိုမျိုး ကိုယ်လိုချင်တဲ့အရာကို အဖြူစင်ဆုံး ထုတ်ပြောနိုင်တဲ့လူတိုင်းကို အမြဲအားကျခဲ့ပါတယ်။ ဒါ့ကြောင့် V ရဲ့ ရိုးသားဖြူစင်တဲ့နှလုံးသားကို ကျွန်တော် အားကျပြီး နှစ်ခြိုက်တာပါ” ဆိုပြီး အားကျတဲ့အရာတွေကို ပြောပြသွားခဲ့ပါတော့တယ်။

V နဲ့ Jimin ကြားက ရင်းနှီးလွန်းတဲ့ညီအစ်ကိုဆက်ဆံရေးကို အားပေးသူတွေက သဘောကျနှစ်ခြိုက်နေရတာဖြစ်ပြီး အခုလိုမျိုး Jimin လေး အားကျတဲ့ V ပိုင်ဆိုင်ထားတဲ့အရာတွေကို သိလိုက်ရပြီဆိုတော့ Jimin ကို အရင်ကထက်တောင် ပိုပြီးချစ်သွားမိမယ်ထင်ပါရဲ့။ သူ့ရဲ့ သေးကွေးတဲ့လက်ကလေးနဲ့ မိုက်ခ်ကိုကိုင်ရင်း စင်မြင့်ထက်မှာအကောင်းဆုံးဖျော်ဖြေနေတဲ့ပုံရိပ်ကတော့ အားပေးတဲ့ပရိသတ်တွေအတွက် ချစ်စရာကောင်းနေတာလည်းဖြစ်ပါတော့တယ်။

Source: Koreaboo
Photos: Naver
Written: Nay Chi

Share