ကန့်ကွက်မှုတွေရှိနေတဲ့ Diliraba Dilmurat နဲ့ Gong Jun တို့ရဲ့ ဇာတ်လမ်းသစ်ရိုက်ကူးမယ့်သတင်း

ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ Diliraba Dilmurat နဲ့ လူကြိုက်များရေပန်းစားနေတဲ့ မင်းသား Gong Jun တို့ဟာ “Legend of Anle” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်လိုက်တွေအဖြစ် ပါဝင်ရိုက်ကူးနိုင်ချေရှိတဲ့အကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။

ပြောရရင်တော့ နောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့ အားပေးချီးမွမ်းသံတွေကို တခဲနက်ရရှိထားသူ Dilraba Dilmurat နဲ့ Gong Jun တို့နှစ်ယောက်ဟာ Youku ဖက်မှ ငွေကြေးအမြောက်အမြားအကုန်အကျခံပြီး ရိုက်ကူးထုတ်လုပ်မယ့် ရှေးဟောင်းအချစ်ဇာတ်လမ်းတွဲ Legend of Anle မှာ အတူတူပါဝင်ရိုက်ကူးမယ်ဆိုပြီး သတင်းတွေထွက်လာရာက ပရိသတ်တွေဆီက ကန့်ကွက်မှုတဲ့စကားသံတွေထွက်ပေါ်လာခဲ့တာပါ။

အဓိကဇာတ်လိုက်တွေနဲ့ပတ်သက်ပြီး တရားဝင်ကြေညာခြင်းမရှိသေးပေမဲ့ မကြာခင်မှာပဲ ထုတ်ပြန်ချက်ထွက်လာမယ်လို့ပြောနေကြပြီး July လမှာ ရိုက်ကူးရေးတွေ စတင်မယ့်အကြောင်းခန့်မှန်းနေကြပါတယ်။ Legend of Anle ဇာတ်လမ်းကတော့ စာရေးဆရာ Xing Ling ရဲ့ Di Huang Shu ကို အသက်သွင်းရိုက်ကူးမှာဖြစ်ပြီး Nirvana in Fire ဇာတ်လမ်းရဲ့ အမျိုးသမီးဇာတ်လိုက်အသားပေးဇာတ်လမ်းလို့တောင် ပြောဆိုနေကြတာပါ။

အမျိုးသမီးဇာတ်ကောင် Di Ziyuan ကို အသားပေးရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်လမ်းကလည်း ရှေးဟောင်းဇာတ်လမ်းအချို့နဲ့ ဆင်တူမှုတွေရှိနေပါတယ်။ Di Ziyuan ရဲ့ တမိသားစုလုံးဟာ နိုင်ငံတော်သစ္စာဖောက်မှုလို့ မှားယွင်းစွပ်စွဲခံရပြီး ဧကရာဇ်ရဲ့အမိန့်ထုတ်ပြန်မှုအတိုင်း ခေါင်းဖြတ်ကွပ်မျက်ခြင်းခံလိုက်ရပါတယ်။

၁၀ နှစ်ကျော် ကြာမြင့်ခဲ့ပေမယ့် တစ်ယောက်တည်းရှင်ကျန်ရစ်ခဲ့သူ Ziyuan ဟာ လက်စားချေဖို့အတွက် အားမွေးနေခဲ့ပြီး သူမရဲ့နာမည်ကိုလည်း Ren Anle ဆိုပြီး ပြောင်းလဲခဲ့ကာ နန်းတွင်းထဲသို့ဝင်နိုင်အောင် ကျိတ်ပြီးကြံစည်ခဲ့ပါတယ်။

လက်စားချေဖို့အကြံအစည်အထမမြောက်ခင်မှာပဲ Ziyuan ဟာ အိမ်ရှေ့မင်းသား Han Ye ရဲ့ တိုင်းသူပြည်သားတွေအပေါ် စာနာသနားတတ်တဲ့စိတ်ထားကြောင့် မင်းသားကိုနှစ်သက်စွဲလန်းခဲ့ပြီး ချစ်ခြင်းမေတ္တာတွေဟာ တနေ့တခြား ကြီးထွားလာခဲ့ပါတော့တယ်။

ဒါပေမယ့်လည်း အတိတ်ကအိပ်မက်ဆိုးဟာ နေ့စဥ်ရက်ဆက် ခြောက်လှန့်နေခဲ့တာကြောင့် မိသားစုနှစ်ခုကြားမှာ တည်ရှိနေတဲ့ လက်စားချေမယ့်အမုန်းတရားကို ဖြေဖျောက်နိုင်ခြင်း မရှိခဲ့ပြန်ပါဘူး။ အိမ်ရှေ့မင်းသား Han Ye ကလည်းပဲ Di Ziyuan ကို နက်နက်ရှိုင်းရှိုင်းနဲ့ ချစ်မိလာတဲ့အခါ… အချစ်အတွက်အရာရာကို စွန့်လွှတ်နိုင်မှာလား… Ziyuan ရဲ့ လက်စားချေမှုကြီးကလည်း အထမြောက်အောင်မြင်သွားမလား..ဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းပါပဲ။

ကောင်းမွန်စိတ်ဝင်စားဖွယ်ဇာတ်အိမ်ရှိတဲ့ Legend of Anle ဇာတ်လမ်းဖြစ်ပေမဲ့လည်း ပရိသတ်တွေကန့်ကွက်နေရတဲ့အကြောင်းကလည်း ရှိနေပါတယ်။ ဒါကတော့ ဝတ္ထုကို ဇာတ်ညွှန်းအဖြစ် ပြန်လည်ပြောင်းလဲရေးသားမယ့် screenwriter Rao Jun ကြောင့်ပါပဲ။

သူကတော့ ၂၀၁၅ ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Journey of Flower ဇာတ်လမ်းတွဲမှာလည်း အဆင်ချောအကြိုက်တွေ့အောင် ရေးသားနိုင်ခြင်းမရှိသလို ၂၀၁၆ တုန်းကလည်း Love Lost in Times ဇာတ်လမ်းတွဲမှာ မူရင်းဝတ္ထုနဲ့ လွန်စွာသွေဖီပြီး ပြောင်းလဲရေးသားခဲ့တာကြောင့် ထင်သလောက် ဇာတ်လမ်းပေါက်ခဲ့ခြင်းမရှိဘဲ ဝေဖန်မှုတွေရရှိခဲ့သူပါ။

Rao Jun ရဲ့ ဖန်တီးမှုတွေကတော့ လက်ခံမယ့်အားပေးမယ့်သူသိပ်မရှိတာကြောင့် Legend of Anle ဇာတ်လမ်းနဲ့ပတ်သက်ပြီး ပရိသတ်တွေက သဘောမကျမှုတွေ များစွာတိုးလာခဲ့ပါတယ်။ ဇာတ်လမ်းကိုရိုက်ကူးမယ့်သူကတော့ Gary Sing ဖြစ်ပြီး သူကတော့ လူကြိုက်များရေပန်းစားခဲ့တဲ့ Word of Honor ဇာတ်လမ်းကို လက်စွမ်းရှိရှိနဲ့ ရိုက်ကူးနိုင်ခဲ့သူဖြစ်ပါတယ်။

ထုတ်လုပ်ရေးဖက်တင်မကဘဲ လက်ရှိမှာ ရှေးဟောင်းအချစ်ဇာတ်လမ်းတွဲတွေ အများအပြားရိုက်ကူးလာမှုကြောင့် ဇာတ်ညွှန်းဆင်တူ​မှုတွေအတွက် ရိုးအီလာပုံပါပဲ။ Dilraba ရဲ့ ပရိသတ်တွေကလည်း Di Ziyuan ဆိုတဲ့ဇာတ်ကောင်ဟာ The Long Ballad ဇာတ်လမ်းထဲက Li Changge ဇာတ်ကောင်နဲ့ တော်တော်လေးဆင်တူမှုရှိနေတာကြောင့် Dilireba ကို တခြားမတူညီကွဲပြားတဲ့ဇာတ်ကောင်မျိုးကို လက်ခံရိုက်ကူးစေချင်နေတာပါ။

မင်းသား Gong Jun ဖက်ကိုကြည့်ပြန်တော့လည်း Word of Honor ဇာတ်လမ်းထဲက သူ့ရဲ့သရုပ်ဆောင်ချက်တွေကြောင့် လက်ရှိမှာ အကြီးအကျယ်အောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ထိပ်တန်းမင်းသမီး Dilraba နဲ့သာ တွဲဖက်သရုပ်ဆောင်မယ်ဆိုရင် Gong Jun ဟာ ပိုမိုအဆင့်တက်လာနိုင်ပြီး နယ်ပယ်ချဲ့ထွင်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေကတော့ ရှေးဟောင်းအချစ်ဇာတ်လမ်းမျိုးဟာ မင်းသားအတွက် သရုပ်ဆောင်အဆင့်တက်စေမယ့်လှေကားထစ်တစ်ခုမဟုတ်တာကြောင့် Gong Jun အနေနဲ့ မတူညီတဲ့သရုပ်ဆောင်ပိုင်းကိုပြသနိုင်ဖို့ အခြားဇာတ်ကောင်မျိုးသာ ရွေးချယ်စေချင်နေကြပြန်ပါတယ်။

လက်ရှိအချိန်ထိတော့ အဓိကဇာတ်လိုက်တွေနဲ့ပတ်သက်ပြီး သတင်းကြားရုံအဆင့်ပဲရှိသေးတာမို့လို့ ထုတ်လုပ်ရေးဖက်ကနေ ဒီသတင်းကို အတိအလင်းကြေညာတဲ့အခါကျရင်လည်း Asia Cele Bar မှအားလုံးသိရှိရအောင် အသိပေးပါဦးမယ်။

Source: Sohu
Photos: Weibo
Written: Nay Chi

Share