BTS Suga ရဲ့ မိဘတွေဟာ အဆိုတော်ဖြစ်လာဖို့အိပ်မက်ကိုသဘောမတူတာကြောင့် ဘယ်လိုမျိုးတုန့်ပြန်ခဲ့ဖူးလဲ

အတိတ်က BTS အဖွဲ့ရဲ့ အနုပညာခရီးလမ်းဟာ ခက်ခဲခဲ့ကြတာကို အားလုံးသိကြမှာပါ။ ၇ ယောက်စလုံး အခက်အခဲကိုယ်စီနဲ့ ရုန်းကန်ခဲ့ကြရတဲ့အထဲမှာ အထူးသဖြင့် Suga ဟာ အဆိုတော်ဖြစ်လာဖို့အတွက်တောင် မိဘတွေရဲ့ခွင့်ပြုအားပေးခြင်းကို မရခဲ့ရှာပါဘူး။

Rolling Stone နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာဆိုရင် Suga ဟာ အိပ်မက်တွေနောက်လိုက်ရင်း မိဘတွေရဲ့ကန့်ကွက်မှုကြောင့် ခံစားခဲ့ရတဲ့ဖိအားတွေရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။ Suga က “ကျွန်တော့်ရဲ့မိဘတွေက ကျွန်တော့်ရဲ့အိပ်မက်တွေကို အားပေးတာမျိုးမရှိခဲ့ပေမဲ့ ဒါဟာလည်း သူတို့ရဲ့အပြစ်တော့မဟုတ်ပါဘူး။

သူတို့က Rap ဆိုတာကို နားမလည်ပါဘူး။ ကျွန်တော်တို့ခေတ်လူငယ်တွေနဲ့ မျိုးဆက်ကွာခြားချက်က ကြီးလွန်းတော့ Rap သီချင်းတွေကိုလည်း နားမထောင်ဖူးဘူးလေ.. သူတို့နားထောင်နေကျ သီချင်းပုံစံမျိုးမဟုတ်တော့ ကျွန်တော့်ရဲ့အိပ်မက်တွေကို ကန့်ကွက်ခဲ့ကြတာ မဆန်းပါဘူး။

ပြီးတော့ အဆိုတော်တစ်ယောက်ဖြစ်လာဖို့အိပ်မက်ကလည်း အာမခံချက်မရှိတဲ့ မသေချာတဲ့အိပ်မက်ဖြစ်တာကြောင့် တကယ်လို့များ ကျွန်တော်က ထူးချွန်အောင်မြင်အောင်မလုပ်နိုင်ခဲ့ရင် ဖြစ်လာမယ့်ကိစ္စတွေကို စိတ်ပူခဲ့ကြတာလည်းဖြစ်ပါတယ်။ ဟုတ်ပါတယ်.. ဂီတဖန်တီးသီဆိုသူဆိုတာ တော်တော်လေးကို သေချာရေရာမှုမရှိတဲ့အလုပ်တစ်ခုပါပဲ။ အဲ့တာကြောင့် ကျွန်တော့်ရဲ့မိဘတွေ ကန့်ကွက်ခဲ့တာကို လုံးဝကိုနားလည်နိုင်ပါတယ်။

ကျွန်တော်ရေးထားတဲ့ သီချင်းစာရွက်တွေကို ဆုတ်ဖြဲပစ်တာတို့..မလုပ်ရဘူးဆိုပြီး ပေါ်တင်ကန့်ကွက်တာမျိုးတွေ လုပ်ခဲ့ပါသေးတယ်.. ဒါပေမဲ့လည်း အဲ့လိုတွေကန့်ကွက်ခံခဲ့ရတာကြောင့် ကျွန်တော်ဟာ အောင်မြင်လာမှဖြစ်မယ်ဆိုပြီး စိတ်အားထက်သန်မှုတွေပိုပြီး တိုးလာခဲ့ရတာပါ.. မိဘတွေရဲ့အားပေးမှုကိုမရတာကြောင့်ပဲ ကျွန်တော်ဟာ ကျွန်တော်ရဲ့အောင်မြင်မှုကို သက်သေပြနိုင်ဖို့အတွက် အလုပ်ကိုပိုပြီးကြိုးစားခဲ့ပါတယ်။

ပြောရရင်တော့ လက်ရှိရရှိလာတဲ့အောင်မြင်မှုတွေဆိုတာက မိဘတွေကို သက်သေပြချင်လို့ ဖြစ်လာတဲ့ အားထုတ်မှုတွေပါပဲ။ မသေချာတဲ့အိပ်မက်တွေကလည်း အမှန်တကယ်ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်မမိဘတွေသိအောင် ပြသနိုင်ခဲ့ပါပြီ။ ရှေ့ဆက်ပြီးလည်း ပိုပြီးအောင်မြင်အောင်စွမ်းဆောင်နိုင်ကြောင်း ပြသနိုင်ဖို့ ကြိုးစားနေဦးမှာပါ” ဆိုပြီး ပွင့်လင်းစွာပြောပြခဲ့ပါတော့တယ်။

Suga ကတော့ သူ့ရဲ့ခံစားချက်နဲ့ ခံယူချက်တွေကို Rolling Stone မှာ အသေးစိတ်ပြောပြသွားခဲ့တာဖြစ်ပြီး ပရိသတ်တို့အနေနဲ့လည်း အတားအဆီးတွေများရင်တောင် ကိုယ့်ရဲ့အိပ်မက်တွေကို အောင်မြင်တဲ့အထိအကောင်အထည်ဖော်နိုင်အောင် ကြိုးစားနိုင်ကြဖို့ စိတ်ဓာတ်ခွန်အားရအောင် Suga ရဲ့ အကြောင်းလေးကို မျှဝေပေးလိုက်ရပါတယ်။

Source: Koreaboo
Photos: Naver
Written: Nay Chi

Share