Depression ဝင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အကြုံပြုခဲ့တဲ့ BTS’s SUGA

Rolling Stone နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ BTS ရဲ့ Suga က စိတ်ဓာတ်ကျခြင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး ရည်ညွှန်းထားတဲ့ သူ့ရဲ့သီချင်းစာသားတွေရဲ့ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ပါတယ်။ Suga ရဲ့အကြံပြုချက်ထဲမှာဆိုရင် စိတ်ပိုင်းရုပ်ပိုင်းကျန်းမာကြံ့ခိုင်ရေးဟာ သူ့ရဲ့သီချင်းဖန်တီးမှုမှာ ထည့်သွင်းရေးသားရတဲ့အထိ အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

Suga က “တခြားသူတွေလိုပဲ ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက ပြီးပြည့်စုံနေတာတော့မဟုတ်ပါဘူး။ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့နဲ့ရင်ဆိုင်ရတာဟာ တော်တော်လေးမလွယ်ကူတဲ့ကိစ္စပါ။ အချိန်နဲ့အမျှ ကိုယ့်ကို လာပြီးရှာတဲ့နတ်ဆိုးတစ်ကောင်လိုမျိုးပါပဲ။

အခုအချိန်မှာတော့ ကျွန်တော်ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင်ပြေလာပြီး သက်တောင့်သက်သာရှိလာပါပြီ။ တခါတရံမှာတော့ အပြစ်သဘောဆောင်တဲ့အတွေးတွေဟာ ကျွန်တော့်ဆီရောက်​လာတတ်ပါတယ်။ ​အေးခဲတဲ့ရာသီဥတုလိုမျိုးပဲ.. တစ်နှစ်ကြာပြီး ပြန်ရောက်လာသလိုမျိုးပေါ့.. ရှောင်လွှဲလို့လည်း မရဘူးလေ.. အဲ့လိုအချိန်မျိုးဆိုရင် ကျွန်တော်ရေးသားထားတဲ့ စိတ်ပိုင်းဆိုင်ရာကုစားတဲ့ သီချင်းစာသားတွေအပေါ်မှာ ပရိသတ်တွေရဲ့ ချီးမွမ်းစကားသံက ကျွန်တော့်ကို အားအင်ဖြစ်စေပါတယ်။

သူတို့က သီချင်းနားထောင်ပြီးနောက် စိတ်သက်သာရာရသွားတယ်..နှစ်သိမ့်ဖေးမမှုတွေရရှိသွားတယ်..ဆိုပြီး ချီးမွမ်းတုံ့ပြန်လိုက်တာဟာ ကျွန်တော့်ကို ခံစားချက်ကောင်းတွေဖြစ်ပေါ်စေပါတယ်။ အားရှိသွားစေပါတယ်။ လူ့အသိုင်းအဝိုင်းမှာလည်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ အလွန်ကိုအရေးကြီးပါတယ်။

ကျွန်တော့်ရဲ့ယုံကြည်ချက်ကိုပြောပြရရင်.. ဒီလိုမျိုးအဆင်မပြေစေတဲ့ စိတ်ခံစားချက်တွေဟာ သူများမသိအောင် ဖုံးကွယ်ပြီး ဖုံးဖိထားရမယ့်ကိစ္စမဟုတ်ပါဘူး။ ကိုယ့်အနေနဲ့ ဘယ်လိုမျိုးခံစားနေရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းဖော်ပြရမယ်..ထုတ်ပြောရမယ်..ပြီးရင်တော့ ဆွေးနွေးတိုင်ပင်တာမျိုးတွေလုပ်သင့်တယ်.. စိတ်ကျန်းမာရေးက အလွန်ကို အလေးထားသင့်ပါတယ်။ အခုအချိန်မှာ ကျွန်တော်ဟာ အရင်ကထက်စာရင် ကျွန်တော်ခံစားနေရတာတွေကို ပွင့်ပွင့်လင်းလင်းဖော်ပြနေနိုင်ပါပြီ” ဆိုပြီး အကြုံပြုသွားပါတယ်။

Suga ဟာ သူ့ရဲ့စိတ်ခံစားချက်တွေကို သီချင်းစာသားတွေထဲမှာ ထည့်သွင်းရေးသားနိုင်တဲ့ ပါရမီရှင်တစ်ဦးဖြစ်ပါတယ်။ ကောင်းခြင်း၊ဆိုးခြင်း အလုံးစုံကိုဖော်ပြရေးသားရင်း ပရိသတ်တွေရဲ့ စိတ်ခံစားချက်ကိုပါ ကုစားပေးနိုင်တဲ့သီချင်းကောင်းတွေကို ဖန်တီးရေးစပ်ထားတာကြောင့် Suga ရေးသားထားတဲ့သီချင်းတွေကို နားဆင်ကြည့်ပြီး စိတ်ကိုအစာကျွေးနိုင်ပါတယ်နော်။

Source: Koreaboo
Photos: Rolling Stone
Written: Nay Chi

Share