၂၀၂၁ အတွင်းကြည့်ရနိုင်တဲ့ နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဇာတ်လမ်း ၇ ခု (အပိုင်း ၂)

တရုတ်ဇာတ်လမ်းတွဲတွေထဲမှာ အက်ရှင်ဇာတ်လမ်းတွဲတွေကိုကြိုက်နှစ်သက်သူများအတွက် နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ရိုက်ကူးထားတဲ့ စစ်အရာရှိဇာတ်လမ်းနဲ့ ရဲအရာရှိဇာတ်လမ်းများရှိနေပြီး ၂၀၂၁ အတွင်းမှာ ထုတ်လွှင့်ပြသဖို့ စီစဥ်ထားတာလည်းဖြစ်ပါတယ်။ အပိုင်း ၁ မှာ ထွက်ရှိလာမယ့် ၄ ကားကို ဖော်ပြပြီးပြီဆိုတော့ အပိုင်း ၂ ထဲမှာ ပါဝင်လာမယ့် ဇာတ်လမ်း ၃ ခုကတော့…

The Flaming Heart

Youku က ထုတ်လွှင့်ပြသမယ့် The Flaming Heart ဇာတ်လမ်းတွဲကတော့ တမူထူးခြားစွာနဲ့ပဲ မီးသတ်အရာရှိတွေရဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ အဓိကဇာတ်လိုက်တွေကတော့ Gong Jun နဲ့ Zhang Huiwen တို့ဖြစ်ပါတယ်။

လူ့အသက်ကယ်ဆယ်ရေးဟာ မီးသတ်တပ်ဖွဲ့ရဲ့တာဝန်ဖြစ်တာကြောင့် တပ်ဖွဲ့ရဲ့ ဒုခေါင်းဆောင် Huo Yan (Gong Jun) ဟာ အေးစက်စွာနဲ့ပဲ သူလုပ်စရာရှိတာမျိုးကိုပဲ အာရုံစိုက်တတ်တဲ့လူစားမျိုးပါ။ ဒီလိုမတုန်နလှုပ်အေးစက်မာကြောတဲ့ သူ့ရဲ့ဘဝထဲကို ဆရာဝန်မလေး Yan Lan (Zhang Huiwen) ရောက်လာပြီးတဲ့နောက် ထူးဆန်းတဲ့ခံစားချက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။

ငလျင်ဘေးအန္တရာယ်နဲ့ ကပ်ဘေးအန္တရာယ်တွေဖြစ်ပွားလာတဲ့အခါမှာတော့ နှစ်ယောက်သား အတူယှဥ်တွဲအလုပ်လုပ်ကိုင်ရင်းနဲ့မှ Huo Yan အတွက် Yan Lan ဟာ ဘယ်လောက်အရေးပါတဲ့လူတစ်ယောက်လဲဆိုတာကို သဘောပေါက်လာခဲ့ပါတော့တယ်။ အက်ရှင်ဇာတ်ညွှန်းမှာ အချစ်ဇာတ်လမ်းလေးပါ ပါဝင်နေတော့ ကြည့်လို့ကောင်းမယ့်ဇာတ်လမ်းတွဲပါပဲ။

Blue Flame Assault

မကြာခင်ထွက်လာတော့မယ့် Blue Flame Assault ဇာတ်လမ်းကလည်း အသက်အာမခံမရှိတဲ့ လူ့အသက်ကယ်ဆယ်ရေးတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ မီးသတ်တပ်ဖွဲ့တွေအကြောင်းရိုက်ကူးထားတာပါ။ စွန့်လွှတ်စွန့်စားကယ်ဆယ်ရင်း တပ်ဖွဲ့ဝင်တွေကြားမှာ ရင်းနှီးမှုခိုင်မြဲလာတဲ့အကြောင်းလေးကိုပုံဖော်ပြသထားပါတယ်။

အဓိကဇာတ်လိုက်မင်းသား Ren Jialun ကတော့ မီးသတ်အရာရှိဝတ်စုံနဲ့ လွန်စွာလိုက်ဖက်နေတာကြောင့် ပရိသတ်တွေက ဒီဇာတ်လမ်းကိုစိတ်ဝင်စားနေကြတဲ့အပြင် လက်ထပ်ခွင့်တောင်းတဲ့ဇာတ်ဝင်ခန်းပါ ပါဝင်နေတာကြောင့် မင်းသားအနေနဲ့ ဘယ်လိုမျိုးပုံဖော်ရိုက်ကူးမလဲဆိုတာကို ကြည့်ချင်နေကြပြီပဲဖြစ်ပါတယ်။

Being A Hero

နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Chen Xiao နဲ့ Wang Yibo တို့ ပါဝင်ရိုက်ကူးထားတာကြောင့် Being A Hero ဇာတ်လမ်းတွဲဟာ မထွက်ခင်ကတည်းက နာမည်ကြီးနေပါပြီ။ အက်ရှင်-မှုခင်းဇာတ်လမ်းမျိုးဖြစ်ပြီး မထင်မှတ်ထားတဲ့လှည့်ကွက်ပေါင်းများစွာထဲမှာ သူငယ်ချင်းသံယောဇဥ်ကိုပါ ထည့်သွင်းရိုက်ကူးထားပြီး စိတ်လှုပ်ရှားဖွယ် အမှုဖြေရှင်းကြတဲ့အကြောင်းကိုရိုက်ကူးထားတာကြောင့် တစ်ပိုင်းကြည့်ပြီးတာနဲ့ လက်ကမချနိုင်လောက်အောင် နောက်ထပ်အပိုင်းတွေကို ဆက်ပြီးကြည့်ချင်နေမိမယ့် ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

Source: QQ
Photos: Weibo
Written: Nay Chi

Share