“Running Man” မှာ နောက်ဆုံးအနေနဲ့အပိုင်းသစ်ရိုက်ကူးခဲ့တဲ့ သားဖြစ်သူကို အားပေးခဲ့တဲ့ဂွမ်ဆူ့ရဲ့မိခင်

​မေလ ၂၄ ရက်နေ့ကတော့ Runners တွေ ထပ်မံပြီး ရင်ကွဲရတဲ့နေ့တစ်နေ့ပါပဲ။ Running Man ရဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ၁၁ နှစ်ကြာပါဝင်ဖျော်ဖြေပေးခဲ့သူ Lee Kwang Soo ကတော့ မေ ၂၄ ရက်နေ့မှာပဲ သူပါဝင်ထားတဲ့ နောက်ဆုံးအပိုင်းသစ်ကို “Running Man” နဲ့ Runners တို့အတွက် ရိုက်ကူးပေးခဲ့ပါတယ်။

မေလ ၂၄ ရက်နေ့မှာပဲ “Running Man” မှ သတင်းရင်းမြစ်တစ်ခုကနေ ဂွမ်ဆူနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုကို ဖော်ပြပေးခဲ့ပါတယ်။ ဖော်ပြပေးချက်ထဲမှာ “ဒီနေ့ မေလ ၂၄ ရက်နေ့မှာပဲ Lee Kwang Soo ဟာ သူပါဝင်တဲ့ နောက်ဆုံးအပိုင်းသစ်ကို ရိုက်ကူးခဲ့ပါပြီ။

ထပ်ထည့်မယ့် အဖွဲ့ဝင်အသစ်နဲ့ပတ်သက်ပြီး ယခုအချိန်ထိ ဆွေးနွေးနေကြတုန်းပါပဲ။ Running Man အစီအစဥ်ကတော့ ယခုအချိန်ထိရှိနေတဲ့ အဖွဲ့ဝင်အရေအတွက်အတိုင်း ပြောင်းလဲမှာမဟုတ်လို့ အဖွဲ့ဝင်အသစ်ထည့်ဖို့ တိုင်ပင်နေကြပါတယ်” ဆိုပြီး ထုတ်ဖော်ခဲ့ပါတယ်။

ဧပြီ ၂၇ ရက်နေ့တုန်းက Lee Kwang Soo ဟာ မနှစ်ကဖြစ်ခဲ့တဲ့မတော်တဆမှုကနေရရှိခဲ့တဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးထားဂရုစိုက်လိုတာကြောင့် “Running Man” ကနေ ထွက်ခွာတော့မယ့်အကြောင်း ဂွမ်ဆူ့ရဲ့အေဂျင်စီကနေ ကြေညာခဲ့ပါတယ်။

SBS ကလည်း “ကျွန်တော်တို့အနေနဲ့ ကံမကောင်းစွာနဲ့ပဲ နှုတ်ဆက်ခွဲခွာမှုတစ်ခုကို ဆုံတွေ့ခဲ့ရပြန်ပါပြီ။ ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့လည်း ဂွမ်ဆူနံ သူ့ရဲ့ Running Man မိသားစုဝင်တွေအတွက် နွေးထွေးဖေးမတဲ့အားပေးမှုတွေကို ပေးစေလိုပါတယ်” ဆိုပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။

Lee Kwang Soo အနေနဲ့ Running Man သက်တမ်းတလျှောက်လုံး ကြိုးစားအားထုတ်ခဲ့မှုတွေကို အသိအမှတ်ပြုအားပေးတဲ့အနေနဲ့ ဂွမ်ဆူရဲ့မိခင်ကလည်း သားဖြစ်သူကို သေချာပြုလုပ်ပေးထားတဲ့ ပူဖောင်းလေးတွေနဲ့ အားပေးခဲ့ရှာပါတယ်။

ပူဖောင်း​တွေပေါ်မှာတော့ “ငါ့သားလေး.. အကောင်းဆုံးလုပ်နိုင်ခဲ့ပြီ!” ဆိုပြီးရေးထားတဲ့အပြင် နောက်တစ်ခုမှာတော့ “ငါတို့နဲ့အတူ ၁၁ နှစ်လုံးလုံး ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်မယ့်အနာဂတ်အတွက် အားပေးနေပါတယ်” ဆိုပြီး ရေးသားထားတာကြောင့် မိခင်တစ်ယောက်အနေနဲ့ သူ့သားအတွက် ခက်ခဲမယ့်လမ်းခွဲမှုတစ်ခုကို အားပေးဖေးမနေခဲ့ပါတယ်။

ကုမ္ပဏီကဆိုရင် “စာလေးတစ်ကြောင်းနဲ့တောင် ဂွမ်ဆူ့အမေရဲ့ စိတ်နှလုံးသားကို ခံစားမိနေပါပြီ” လို့ ရေးသားခဲ့ပါတယ်။ Lee Kwang Soo ဟာ ၂၀၁၀ က စတင်ခဲ့တဲ့ “Running Man” မှာ ၁၁ နှစ်ကြာ ပါဝင်ဖျော်ဖြေပေးခဲ့ပြီး ပရိသတ်တွေနဲ့အတူ ရှိနေပေးခဲ့ပါတယ်။

မိသားစုလိုဖြစ်နေတဲ့ Running Man အဖွဲ့ဝင်တွေနဲ့ တကယ်ကြီးနှုတ်ဆက်ခွဲခွာခဲ့ပြီဖြစ်လို့ ဂွမ်ဆူလည်း ဘယ်လောက်တောင်ဝမ်းနည်းနေမလဲဆိုတာ အစီအစဥ်အစပိုင်းကတည်းက အမာခံအားပေးနေခဲ့တဲ့ ပရိသတ်တွေအနေနဲ့ ထပ်တူခံစားမိနေမှာပါ။ Running Man နဲ့ လှပသောနှုတ်ဆက်ခြင်းဖြစ်သွားခဲ့ပေမယ့် ဂွမ်ဆူ့ကိုအားပေးဖို့ ဇာတ်လမ်းတွဲတွေရှိနေပါသေးတယ်။

ဂွမ်ဆူက မကြာသေးခင်ကပဲ Han Ji Min, Lee Dong Wook, Kang Ha Neul, Girls’ Generation’s YoonA တို့ ပါဝင်ရိုက်ကူးမယ့် ဇာတ်ကားမှာ ပါဝင်ရိုက်ကူးဖို့ လူရွေးခံထားရတဲ့အပြင် အခြားဇာတ်လမ်းတွဲတွေလည်းရှိသေးတာကြောင့် အလွမ်းပြေကြည့်ရှုရင်း အားပေးကြရပါဦးမယ်။

Source: Soompi
Photos: SBS
Written: Julia

Share