ဆရာ-တပည့်ဇာတ်လမ်းတွဲသစ်မှာ Seo Hyun Jin နဲ့ ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတဲ့ Hwang In Yeop

True Beauty ဇာတ်လမ်းတွဲနဲ့ ကြည့်ရှုသူမိန်းကလေးတွေရဲ့နှလုံးသားကို အရည်ပျော်ကျသွားစေခဲ့သူ တက်သစ်စမင်းသား Hwang In Yeop ကိုတော့ ဇာတ်လမ်းသစ်တစ်ခုမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းထားတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

မကြာခင်မှာရိုက်ကူးတော့မယ့် ကိုရီးယားအချစ်ဇာတ်လမ်းတွဲ Why Is It Oh Soo Jae (working title) မှာတော့ ဝါရင့်မင်းသမီး Seo Hyun Jin က ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးမှာဖြစ်ပါတယ်။ Hwang In Yeop ရဲ့ အေဂျင်စီ EwyEast က ပြောရေးဆိုခွင့်ရှိသူရဲ့ ဖော်ပြချက်အရ In Yeop ဟာ အဓိကဇာတ်လိုက်မင်းသားအဖြစ် ကမ်းလှမ်းခံထားရပြီး လတ်တလောမှာတော့ ဇာတ်လမ်းနဲ့ပတ်သက်ပြီး လေ့လာသုံးသပ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။

Why Is It Oh Soo Jae ဇာတ်လမ်းတွဲက ဆရာ-တပည့် အချစ်ဇာတ်လမ်းမျိုးဖြစ်ပြီး ဇာတ်အိမ်ကိုတော့ ဥပဒေကျောင်းတစ်ခုမှာ အခြေတည်ထားပါတယ်။ Cheongdamdong Scandal ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းရေးသားသူက ဒီဇာတ်လမ်းအတွက် ရေးသားဖန်တီးပေးမှာဖြစ်ပြီး Doctors, Dr. Romantic နဲ့ While You Were Sleeping ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့သူ ဒါရိုက်တာကလည်း ဒီအချစ်ဇာတ်လမ်းတွဲမှာ လက်စွမ်းပြဦးမှာဖြစ်ပါတယ်။

မင်းသမီး Seo Hyun Jin ကတော့ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်မင်းသမီးနေရာကို အတည်ပြုလက်ခံပြီးသားဖြစ်ပါတယ်။ မင်းသား Hwang In Yeop ကိုတော့.. ဥပဒေကျောင်းရဲ့ ပထမနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဘားဆိုင်တစ်ခုကို ပိုင်ဆိုင်ထားသူ Gong Chan နေရာအတွက် ကမ်းလှမ်းထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းအရ.. Gong Chan ဟာ သူ.မလုပ်ခဲ့တဲ့အရာတစ်ခုအတွက် ဂွင်ဆင်အကွက်ချပြီးအစွပ်စွဲခံလိုက်ရပြီးနောက် Oh Soo Jae နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။ ဒီလိုနဲ့ မတရားမှုကိုခံစားနေရတဲ့ သူ့ရဲ့စိတ်ကို ပြင်ဆင်ဖို့အတွက် Gong Chan ဟာ ဥပဒေကျောင်းမှာ တက်ရောက်ဖို့ လျှောက်လွှာတင်ခဲ့ပါတော့တယ်။

ကျောင်းကိုရောက်တော့ Gong Chan တစ်ယောက် Oh Soo Jae နဲ့ ထပ်မံဆုံတွေ့ခဲ့ပြီး မထင်မှတ်ထားဘဲ Soo Jae ဟာ သူ့ရဲ့ ပါမောက္ခဖြစ်နေတဲ့အခါ… ဆရာ-တပည့်ကြားမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်လမ်းလေးပါပဲ။

မင်းသမီး Seo Hyun Jin ပါဝင်ရိုက်ကူးသမျှဇာတ်လမ်းတွဲတိုင်းက နာမည်ကြီး လူကြိုက်များစမြဲဖြစ်တာကြောင့် ယခုအသစ်ထပ်မံရိုက်ကူးမယ့် အချစ်ဇာတ်လမ်းမှာလည်း မင်းသား Hwang In Yeop က အဓိကခေါင်းဆောင်မင်းသားနေရာအတွက် ကမ်လှမ်းချက်ကိုလက်ခံပြီး အတူရိုက်ကူးမယ်ဆိုရင် ကြည့်ရှုသူတွေကမှာ ဟိုးလေးတကျော်ဖြစ်နေဦးမှာ ဖြစ်ပါတော့တယ်။ ထုတ်လွှင့်ပြသမယ့်ရက်ကိုအတိအကျမသိရသေးပေမဲ့လည်း Why Is It Oh Soo Jae ကို ၂၀၂၂ အစောပိုင်းလောက်မှာပဲ SBS ကနေ ပြသသွားမှာဖြစ်ပါတယ်။

Source: Koreaboo
Photos: Naver
Written: Julia

Share