သဘာဝလွန်ဇာတ်ကားမှာ Yoo Ah In နဲ့အတူပါဝင်သရုပ်​ဆောင်ဖို့ ကမ်းလှမ်းခံထားရတဲ့ GOT7 Jinyoung

မေလ ၂၆ ရက်​နေ့မှာ GOT7 အဖွဲ့ဝင် Jinyoung ဟာ ဒါရိုက်တာ Kang Hyung Chul ရဲ့ ရုပ်ရှင်ကားအသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သတင်း​​တွေ ထွက်​ပေါ်ခဲ့ပါတယ်။ အကယ်၍ Jinyoung သာ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် မင်းသား Yoo Ah In နဲ့အတူ ယှဉ်တွဲသရုပ်​​ဆောင်ရမှာဖြစ်ပါတယ်။ ထိုဇာတ်ကားနာမည်က​တော့ ‘High Five’ ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်မှု ခံယူပြီး​နောက် သဘာဝလွန်စွမ်းအင်​တွေ ရရှိသွားတဲ့ လူ ၅ ​ယောက်အ​ကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဒီ လူ ၅ ဦးဟာ သူတို့ရဲ့ သဘာဝလွန်စွမ်းအင်​တွေကို ခိုးယူဖို့ ကြိုးစား​နေတဲ့ လူတစ်စုရဲ့ အန္တရာယ်က​နေ သူတို့ကိုယ်သူတို့ ကာကွယ်​စောင့်​ရှောက်ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို​တော့ ‘Sunny’ နဲ့ ‘Swing Kids’ တို့လို နာမည်ကြီး ရုပ်ရှင်ကား​တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kang Hyung Chul က ရိုက်ကူးသွားမှာဖြစ်ပြီး သူ့အ​နေနဲ့ ယခင်က တစ်ခါမှ မရိုက်ကူးဖူး​သေးတဲ့ ဇာတ်လမ်းအမျိုးအစားကို စိန်​ခေါ်မှုတစ်ခုအ​နေနဲ့ ကြိုးစားရိုက်ကူးသွားမှာဖြစ်ပါတယ်။ ‘High Five’ ဇာတ်ကားအတွက် Ra Mi Ran, Oh Jung Se, Ahn Jae Hong တို့ အပါအဝင် အခြားဝါရင့်သရုပ်​ဆောင်​တွေကိုလည်း ကမ်းလှမ်းထားပြီး ​​ပါဝင်သရုပ်​ဆောင်ဖို့ ​ဆွေး​နွေး​နေဆဲဖြစ်ပါတယ်။ Jinyoung အ​​နေနဲ့လည်း ဒီဇာတ်ကားကို လက်ခံရိုက်ကူးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

GOT7 အဖွဲ့ဝင် Jinyoung ဟာ ၂၀၁၂ ခုနှစ်က “Dream High 2” ဇာတ်လမ်းတွဲနဲ့ သရုပ်​ဆောင်အဖြစ် စတင်ပွဲဦးထွက်ခဲ့ပါတယ်။ ထို့​နောက် ၂၀၁၃ ခုနှစ်မှာ “When A Man’s In Love”, ၂၀၁၅ ခုနှစ်မှာ “Dream Knight” နဲ့ “My Love Eun Dong” စတဲ့ ဇာတ်လမ်းတွဲ​တွေမှာ ပါဝင်သရုပ်​ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Lengend of the Blue Sea” ဇာတ်ကားနဲ့ ပိုပြီး လူသိများလာခဲ့ပါတယ်။ ဆက်လက်ပြီး “Magic School”, “He Is Psychometric”, “When My Love Blooms” နဲ့ “Melting Me Softly” ဇာတ်လမ်းတွဲ​တွေကိုလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ထို့အပြင် ယခု ၂၀၂၁ ခုနှစ်အတွင်း “The Devil Judge” ဇာတ်လမ်းတွဲမှာ သရုပ်​ဆောင်သွားမှာဖြစ်သလို မင်းသမီး Kim Go Eun နဲ့အတူ “Yumi’s Cells” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။

Source : Allkpop
Photo : Pinterest
Written : ZL

Share