စွပ်စွဲခံရမှုတွေရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် မင်းသား Ji Soo ပေးဆပ်လိုက်ရတဲ့ အရာတွေကတော့…

မင်းသား Ji Soo ကတော့ ကျောင်းတွင်းအကြမ်းဖက်မှုပြုလုပ်သူတစ်ယောက်အဖြစ် သတင်းတွေထွက်လာခဲ့ပြီးနောက်မှာတော့ နောက်ဆက်တွဲရလဒ်တွေအဖြစ် သူ့ရဲ့အနုပညာလမ်းခရီးအတွက် ဆူးငြောင့်ခလုတ်တွေဖြစ်ပေါ်နေခဲ့ပါတော့တယ်။ အဆိုးဆုံးကတော့ မင်းသားနဲ့ လက်တွဲပြီးစာချုပ်ချုပ်ဆိုထားတဲ့ KeyEast အေဂျင်စီဟာ မင်းသားချုပ်ဆိုထားတဲ့ စာချုပ်ကို မေလ ၂၇ရက်နေ့မှာပဲ ရပ်ဆဲလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်ထဲမှာ “ကျွန်တော်တို့အေဂျင်စီရဲ့ မင်းသားတစ်ဦးဖြစ်သူ Ji Soo နဲ့ ပတ်သက်ပြီး အသိပေးစရာရှိပါတယ်။

မင်းသားနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို ရပ်ဆဲလိုက်တော့မှာဖြစ်ပါတယ်။ လတ်တလောမှာ မင်းသား Ji Soo အနေနဲ့ အနုပညာအလုပ်တွေဆက်လက် လုပ်ကိုင်ဖို့အခက်အခဲတွေရှိနေပါတယ်။ Ji Soo ကလည်းပဲ အေဂျင်စီအတွက် နောက်ထပ်ထိခိုက်မှုတွေမရှိစေချင်တဲ့သဘောထားရှိနေတာကြောင့် ကျွန်တော်တို့ဟာ မင်းသားရဲ့ဆန္ဒကိုလေးစားသောအားဖြင့် နှစ်ဦးသဘောတူဆုံးဖြတ်ချက်အရ စာချုပ်ကိုရပ်တန့်လိုက်ရတာဖြစ်ပါတယ်။ River Where the Moon Rises ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရတာတွေအတွက်လည်း အခြေအနေကိုဆုံးသတ်ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးကြိုးစားနေကြပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်” ဆိုပြီး ဖော်ပြထားတာပါ။

Star News မှ ဖော်ပြချက်တွေအရတော့ KeyEast မှ တာဝန်ရှိသူတွေနဲ့ မင်းသား Ji Soo ဟာ သူတို့ရဲ့စာချုပ်ကို ရပ်တန့်လိုက်ဖို့ နှစ်ဦးသဘောတူဆုံးဖြတ်လိုက်တာဖြစ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတော့မှာလည်းဖြစ်ပါတယ်။ ဒီလိုစာချုပ်ပျက်ပြယ်ခြင်းကတော့ အေဂျင်စီနဲ့ Ji Soo တို့ စာချုပ်ချုပ်ပြီး ၇ လအကြာမှာပဲ ဖြစ်ပေါ်လာခဲ့တာပါ။ KeyEast နဲ့ Ji Soo ဟာ ၂၀၂၀ အောက်တိုဘာလတုန်းက လက်တွဲခဲ့တာဖြစ်ပြီး ယခုလိုမျိုး ၇ လအကြာမှာ လမ်းခွဲခဲ့ရခြင်းဟာ နှစ်ဦးနှစ်ဖက်အတွက်တော့ နစ်နာစရာတွေတော့ ရှိနေဦးမယ်လို့ထင်ပါတယ်။

စာချုပ်ရပ်နားခြင်းအတွက် အကြောင်းအရင်းကိုတော့ တရားဝင်ဖော်ပြထားခြင်းမရှိပေမဲ့လည်း အတိတ်က Ji Soo ရဲ့ ကျောင်းတွင်းအကြမ်းဖက်မှုနဲ့ အနိုင်ကျင့်မှုတွေကြောင့်လည်း ဖြစ်နိုင်ကြောင်း သတင်းတွေထွက်နေခဲ့ပါတော့တယ်။ မတ်လအစောပိုင်းကတည်းက ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရှေ့ဆက်လျှောက်လှမ်းဖို့ နှစ်ဦးနှစ်ဖက်ဆွေးနွေးတာမျိုးတွေရှိခဲ့ပေမဲ့ နောက်ဆုံးရလဒ်ကတော့ စာချုပ်ရပ်နားလိုက်ပြီး ကိုယ့်လမ်းကိုယ် လျှောက်လှမ်းကြဖို့ပါပဲ။

စွပ်စွဲပြောဆိုချက်တွေကြောင့် မင်းသား Ji Soo ဟာ KBS ရဲ့ ဇာတ်လမ်းတွဲ River Where The Moon Rises မှ ခေါင်းဆောင်မင်းသားနေရာကနေနှုတ်ထွက်ခဲ့ရသလို အတိတ်ကလုပ်ရက်တွေအတွက်လည်း တရားဝင်တောင်းပန်မှုတွေပြုလုပ်ခဲ့ရပါတယ်။ Ji Soo ဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေလည်းရှိကြောင်း စွပ်စွဲခြင်းခံခဲ့ရပေမဲ့ KeyEast ကတော့ အဆိုပါစွပ်စွဲချက်ကို ပြတ်ပြတ်သားသားပဲ ငြင်းပယ်ခဲ့ပါတယ်။

River Where The Moon Rises ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်ရေးကုမ္ပဏီဖက်ကလည်း KeyEast နဲ့ Ji Soo ကို ပျက်စီးဆုံးရှုံးမှုတွေအတွက် တရားစွဲဆိုထားပြီး နစ်နာကြေးအတွက် ₩3.00 billion KRW ($2.69 million ခန့်) တောင်းဆိုထားပါတယ်။ ဒီလိုမျိုးနစ်နာကြေးအတွက် KeyEast ဖက်က ပေးဆောင်ဖို့ ငြင်းဆန်ထားတာဖြစ်ပြီး အနုပညာရှင်တစ်ဦးဖြစ်သူ မင်းသား Ji Soo အနေနဲ့ကတော့ ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို မသိရသေးတဲ့အခြေအနေဖြစ်ပါတယ်။

Source: Koreaboo
Photos: Naver
Written: Julia

Share