“Friends: The Reunion” မှာ BTS ပါဝင်ထားတဲ့အပိုင်းကို ဖျက်ပစ်လိုက်တဲ့ တရုတ်ရုပ်သံထုတ်လွှင့်ရေး

နာမည်ကြီးအစီအစဥ်ဖြစ်တဲ့’Friends: The Reunion’ မှာတော့ BTS အဖွဲ့ဟာ အထူးဧည့်သည်တော်အဖြစ်ပါဝင်ခဲ့ကြပြီး ဒီအစီအစဥ်ဟာ ဘယ်လောက်တောင်တန်ဖိုးရှိတဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း BTS ပါဝင်တဲ့ အဆိုပါအပိုင်းကတော့ တရုတ်နိုင်ငံရဲ့ရုပ်သံထုတ်လွှင့်ရေးတွေဖြစ်တဲ့ iQiyi, Youku နဲ့ Tencent အစရှိတို့မှာ ဖျက်ချခံလိုက်ရကြောင်း Variety က ဖော်ပြခဲ့ပါတယ်။ BTS အနေနဲ့ အထူးအစီအစဥ်အဖြစ် ကြာမြင့်ချိန် ၆ မိနစ်ခန့် ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံမှာပဲယခုလိုမျိုးဖျက်ချခံခဲ့ရတာဖြစ်ပါတယ်။

ဒီလိုမျိုးထုတ်လွှင့်ပြသခြင်းအပိုင်းကို ဖျက်ချခံရတာဟာ BTS အဖွဲ့တင်မကဘဲ Lady Gaga, Justin Bieber နဲ့ အခြားသော LBGTQ+ ပါဝင်တဲ့အပိုင်းတွေကိုပါဖျက်ချပစ်ခဲ့တာဖြစ်ပါတယ်။ အဓိကတင်ဆက်သူတစ်ဦးဖြစ်တဲ့ Matt LeBlanc တောင်မှ underwear နဲ့ ပေါ်လာခဲ့တဲ့အပိုင်းကို ဖျက်ပစ်ခဲ့တာကြောင့် တော်တော်လေး ထိန်းချုပ်ထားတဲ့အနေအထားဖြစ်နေပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ BTS ရဲ့ ပရိသတ်တွေကတော့ အထူးဧည့်သည်တော်အနေနဲ့ပါဝင်လာတဲ့ BTS ရဲ့အပိုင်းကို ကြည့်ခွင့်မရတော့တာကြောင့် အတော်လေးကို အံ့သြခဲ့ရပြီး ခေါင်းရှုပ်သွားကြပုံပါပဲ။

ဒီလိုမျိုး ဖျက်ချခံလိုက်ရတာဟာ Van Fleet ဆုပေးပွဲမှာတုန်းက BTS အဖွဲ့ပြောလိုက်တဲ့စကားကြောင့်ဖြစ်နိုင်ကြောင်း တချို့ကတော့မှန်းဆနေကြပါတယ်။ ထိုပွဲမှာတုန်းက ဆုလက်ခံရယူပြီး ကျေးဇူးတင်ကြောင်းပြောတဲ့အခါမှာတော့… အဖွဲ့ခေါင်းဆောင် RM က ကိုရီးယားစစ်ပွဲအတွင်း မိမိရဲ့အသက်ကိုစွန့်လွှတ်အနစ်နာခံပေးဆပ်သွားခဲ့ကြတဲ့ ကိုရီးယားစစ်သားတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ထိုအချိန်တုန်းက တရုတ်အင်တာနက်အသုံးပြုသူတွေဟာ RM အနေနဲ့ အဆိုပါစစ်ပွဲအတွင်းမှာပဲ ကျဆုံးသွားခဲ့ကြတဲ့ တရုတ်စစ်သားတွေကိုကျတော့ ကျေးဇူးတင်ကြောင်းမပြောဘူးဆိုပြီး ဂယက်ထခဲ့ကြပါသေးတယ်။

ဒီလိုကိစ္စမျိုးကြောင့် BTS ရဲ့ အထူးအနေနဲ့ ပါဝင်လာမှုကို ဖျက်ပစ်လိုက်တာလည်းဖြစ်နိုင်သလို Lady Gaga ကျတော့လည်း ၂၀၁၆ တုန်းက Dalai Lama နဲ့ တွေ့ဆုံခဲ့မှု၊ Justin Bieber ကလည်း ၂၀၁၄ တုန်းက Tokyo မှာရှိတဲ့ Yasukuni Shrine (World War II တုန်းက ကျဆုံးသွားခဲ့ကြတဲ့ ဂျပန်စစ်သားတွေကို အသိအမှတ်ပြု ဂုဏ်ပြုထားသောနေရာ) ကို သွားရောက်ခဲ့မှု.. အစရှိသည်တို့ကြောင့် ဖြစ်နိုင်ကြောင်း တွေးဆခဲ့ကြပါတော့တယ်။

“Friends: The Reunion” အစီအစဥ်ကတော့ နိုင်ငံတကာမှ ဝက်ဝက်ကွဲအောင် ကျော်ကြားအောင်မြင်တဲ့အစီအစဥ်တစ်ခုဖြစ်ပြီး RM ကလည်း ဒီအစီအစဥ်ကိုကြည့်ရင်း အင်္ဂလိပ်ဘာသာစကားကိုလေ့လာခဲ့တဲ့ အကြီးစားဖန်ကြီးတစ်ဦးဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကတော့ လက်ရှိအချိန်မှာ ဖျော်ဖြေရေးလောကဖက်ကို စည်းကမ်းတွေတင်းကြပ်ထားပြီး ပိတ်ပင်တားမြစ်ကန့်သတ်ချက်တွေလည်းရှိနေပါတော့တယ်။

Source: Koreaboo
Photos: Koreaboo
Written: Julia

Share