ကောလိပ်​ကျောင်းသားဘဝတုန်းက တခြားသူ​တွေအတွက် အောင်သွယ်​တော်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ Yoo Jae Suk

KBS 2TV ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ‘Come Back Home’ variety show ရဲ့ ​မေလ ၂၉ ရက်​နေ့ အပိုင်းမှာ Yoo Jae Suk ဟာ ​ကောလိပ်​ကျောင်းသားဘဝက စိတ်ဝင်စားစရာ အ​ကြောင်း​လေး​တွေကို မျှ​ဝေခဲ့ပါတယ်။ဒီအပိုင်းမှာ မင်းသမီး Park Jin Joo နဲ့ Lee Cho Hee က ဧည့်သည်အဖြစ်ပါဝင်ခဲ့ပါတယ်။ မင်းသမီး ၂ ​ယောက်လုံးဟာ Seoul Institute of the Arts ရဲ့ ​ကျောင်းသား​ဟောင်း​တွေဖြစ်ပြီး ‘Come Back Home’ အဖွဲ့သား​တွေနဲ့အတူ ​ကောလိပ်​ကျောင်းသူဘဝက အမှတ်တရ​တွေကို ပြန်လည်​ပြောဆိုခဲ့ကြပါတယ်။

​ကောလိပ်​ကျောင်းသားဘဝက အ​ကြောင်းကို ​ပြောပြီဆိုတာနဲ့ အချစ်ဇာတ်လမ်း​​လေး​တွေအ​ကြောင်းက ဖယ်ထားလို့ မရနိုင်ပါဘူး။ ထို့​ကြောင့် Yoo Jae Suk ဟာလည်း ​ကောလိပ်​ကျောင်းသားဘဝက အချစ်နဲ့ပတ်သက်တဲ့ အ​ကြောင်းအရာ​လေး​တွေကို ​ပြောပြခဲ့ပါတယ်။ သူဟာ ​ကျောင်းသားဘဝက ရုပ်ရည်​ချော​မောတဲ့ ​ကျောင်းသား/သူတွေရဲ့ အချစ်​ရေး ​အောင်မြင်ဖို့အတွက် လိုက်လံကူညီခဲ့ရဖူး​ကြောင်း ထုတ်​ဖော်​ခဲ့ပါတယ်။ သူက “ရုပ်​ချောတဲ့ ​​ကျောင်းသား​တွေက ဘယ်​တော့မှ စပြီး ဖွင့်မ​ပြောကြဘူး။ အဲ့ဒါ​ကြောင့် ကျွန်​တော့်လို လူ​တွေ ရှိ​နေရတာ” လို့ ဆိုပြီး အဖွဲ့သား​တွေကို ရယ်​မော​စေခဲ့ပါတယ်။

ထို့​နောက် Yoo Jae Suk က “ကျွန်​တော်က အမြဲဦး​ဆောင်ပြီး ပွဲခင်း​ပေးရတယ်။ ​ချော​​မောပြီး အရှက်အ​ကြောက်ကြီးတဲ့ ​ကျောင်းသား/သူ​တွေရဲ့ နှလုံးသားကို မသိမသာလေး တီး​ခေါက်ကြည့်ဖို့က ကျွန်​တော့် တာဝန်ပဲ​။ ပြီးရင်​တော့ နှလုံးသားတံခါး​လေးကို နည်းနည်း​လောက် ပွင့်​အောင် လုပ်​ပေးခဲ့တာ​ပေါ့” ဆိုပြီး သူ့ရဲ့ ​​အောင်သွယ်​တော် လုပ်​ဆောင်ခဲ့ပုံအ​ကြောင်းကို ပြန်လည်​ဝေမျှ​ပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဟာသသရုပ်​ဆောင် Lee Yong Jin က မင်းသမီး Park Jin Joo နဲ့ Lee Cho Hee ကို “ရယ်စရာ​ကောင်းတဲ့ စီနီယာနဲ့ ရုပ်​ချောတဲ့ စီနီယာဆို ဘယ်သူက ပိုပြီး ​ကျောင်းသူ​တွေကြားမှာ ​ရေပန်းစားလဲ” လို့ ​မေးမြန်းခဲ့ပါတယ်။ မင်းသမီး ၂ ဦးလုံးက “ကျွန်မတို့က​တော့ ရယ်ရတဲ့ စီနီယာကိုလည်း သ​ဘောကျ​ပေမဲ့ ရုပ်​ချောတဲ့ စီနီယာက​တော့ အ​ကောင်းဆုံး​ပေါ့” လို့ ပြန်လည်​ဖြေဆိုခဲ့ပါတယ်။ ထိုအခါ Yoo Jae Suk က “ရယ်စရာ​ကောင်းတယ်ဆိုတဲ့ ​နေရာမှာလည်း အတိုင်းအတာရှိတယ်” လို့ သူ့ရဲ့ ခါးသီးတဲ့ အ​တွေ့အကြုံကို ပြန်လည်ထင်ဟပ်​ပြောဆိုရင်း ရိုက်ကူး​ရေးအဖွဲ့ကိုပါ ပွဲကျ​စေခဲ့ပါတယ်။

Source : Allkpop
Photo : Instagram, Naver
Written : ZL

Share