Junior တွေက BTS အဖွဲ့ဟာ သူတို့အတွက်စံပြအဖွဲ့ဖြစ်ကြောင်းပြောပြတိုင်း BTS အနေနဲ့ဘယ်လိုခံစားရလဲ

Kpop အဖွဲ့သစ်တွေအမြောက်အမြားထွက်ပေါ်လာတာနဲ့အမျှ ဂျူနီယာ idol တွေထဲမှာလည်း BTS အဖွဲ့ကို သူတို့တွေရဲ့စံပြအဖွဲ့အဖြစ် အားကျအတုယူနေကြတဲ့သူတွေလည်း အများအပြားရှိနေပါတယ်။ ကမ္ဘာ့ဂီတထဲအထိထိုးဖောက်ပြီး နိင်ငံတကာအဆင့်အထိ ရင်ဘောင်တန်းရင်း ထိပ်ဆုံးမှာလွှမ်းမိုးထားတဲ့ BTS အနေနဲ့တော့ စံပြအဖြစ်သတ်မှတ်ခံရတာ မထူးဆန်းတော့တဲ့အရာပါပဲ။ ဒါပေမဲ့ BTS ရဲ့ Suga ကတော့ ထိုကဲ့သို့ စံပြအဖြစ်သတ်မှတ်ခံရတိုင်း BTS အဖွဲ့ဝင်တွေမှာ ဘယ်လိုမျိုးခံစားချက်ဖြစ်ပေါ်သလဲဆိုတာကို အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။

Suga က “ကျွန်တော်တို့ BTS အဖွဲ့ကို စံပြအဖြစ်သတ်မှတ်ထားတယ်လို့ပြောတိုင်း အမှန်အတိုင်းပြောရရင် ခေါင်းထဲမှာ အတွေးတွေများလာတော့တာပါပဲ။ BTS အဖွဲ့ ပွဲဦးထွက်ခါစတုန်းက ကျွန်တော်တို့တွေဟာ အရှေ့ကစီနီယာ Idol တွေကို ကြည့်ပြီး သူတို့လို အမိုက်စားဖျော်ဖြေနိုင်တဲ့အဆိုတော်မျိုးဖြစ်ချင်လိုက်တာဆိုပြီး ဆန္ဒရှိခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့အဖွဲ့က ဝါရင့်လာသလို စီနီယာလည်းဖြစ်သွားပြီဆိုတော့ ဂျူနီယာအငယ်လေးတွေက BTS ကို စံနမူနာထားတယ်ဆိုပြီး သတင်းတွေကြားရတိုင်း သဘောကျကျေနပ်မိသလို ကိုယ့်ကိုယ်ကိုလည်း “သြော်… ငါတို့လုပ်နိုင်ခဲ့ပြီပဲ” ဆိုပြီး တွေးမိပါသေးတယ်။

ဂျူနီယာလေးတွေကို ကျွန်တော့်အနေနဲ့ အကြံပေးစရာရှိပါတယ်။ ဘယ်အဖွဲ့မဆို အဖွဲ့ဝင်တွေက တစ်​ယောက်နဲ့တစ်ယောက် အပြည့်အဝယုံကြည်မှုထားကြပြီး အားထုတ်ကြိုးစားမှုတွေကို အချင်းချင်းကျေနပ်အားရမယ်ဆိုရင်.. ရလဒ်ကောင်းတွေကို သေချာပေါက်ပိုင်ဆိုင်နိုင်မှာပါ။ ကျွန်တော်တို့ BTS အဖွဲ့ကို စံပြအဖြစ် သတ်မှတ်ထားကြတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်။ Junior Idol တွေအနေနဲ့လည်း ကြိုးစားနေသရွေ့ အနာဂတ်မှာ အောင်မြင်တဲ့ရလဒ်တွေကို ကျိန်းသေပေါက်ရရှိမှာပါ” ဆိုပြီး ပြောပြခဲ့ရင်း ဂျူနီယာတွေကိုလည်း နွေးထွေးတဲ့အကြံစကားကို ပေးခဲ့တာဖြစ်ပါတယ်။

BTS အဖွဲ့ဟာဆိုရင် ယခုအချိန်မှာ ထိပ်ဆုံးကိုရောက်ရှိလာဖို့အတွက် အတိတ်မှာ ပေးဆပ်ခဲ့ရတာတွေ၊ ကျော်ဖြတ်ခဲ့ရတဲ့အခက်အခဲတွေလည်း အများအပြားရှိခဲ့တာကို အားလုံးလည်းသိထားပြီးဖြစ်ကြမှာပါ။ Suga ပြောသလို အဖွဲ့ဝင်တွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပြီး ခိုင်မာတဲ့ဇွဲစိတ်ဓာတ်တွေကို ယုံကြည်ရာအရာကို လက်မလျှော့ဘဲ အစွမ်းကုန်ကြိုးစားခဲ့ကြတာကြောင့် လက်ရှိမှာ Junior Idol တွေရဲ့ စံပြအဖွဲ့ ရှေ့ဆောင်လမ်းပြနိုင်နေပြီဖြစ်ပါတော့တယ်။

Source: Koreaboo
Photos: Naver
Written: Julia

Share