GOT7 ရဲ့ Jackson Wang ကို ရင်ခုန်အောင်လုပ်နိုင်ခဲ့တဲ့သူက ဘယ်သူများလဲ

iHeart Radio ရဲ့ အထူးသီးသန့်အစီအစဥ်တစ်ခုမှာဆိုရင်တော့ စကားပြောရင်အပွင့်လင်းဆုံးပြောတတ်တဲ့ GOT7 ရဲ့ Jackson Wang က ပါဝင်လာခဲ့ပြီး ပရိသတ်တွေသိချင်တဲ့ မေးခွန်းပေါင်းများစွာကို အဖြေပေးခဲ့ပါတယ်။ ဘယ်အရာကိုမဆို သူ့ရဲ့စိတ်ထဲမှာခံစားသိရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ Jackson ကိုတော့ ပရိသတ်တစ်ယောက်က “Jackson ရဲ့ နှလုံးသားကို တလှပ်လှပ်ဖြစ်အောင် ရင်ခုန်စေခဲ့ဖူးတဲ့သူ တစ်စုံတစ်ယောက်များရှိသလား?” ဆိုပြီး မေးခဲ့ပါတယ်။

ဒီမေးခွန်းကိုကြားပြီးနောက် Jackson က တွေဝေခြင်းမရှိဘဲ “ရှိပါတယ်” ဆိုပြီး ချက်ချင်းအဖြေပေးခဲ့ပါတယ်။ Jackson က သူ့ကိုရင်ခုန်စေခဲ့သူဟာ မကြာသေးခင်အချိန်ကမှ ရှိတာမျိုးမဟုတ်ဘဲ သူ့အနေနဲ့ ပွဲဦးထွက်ခါစအချိန်ကတည်းက ရှိနေခဲ့တာဖြစ်ကြောင်း ထည့်ဖြည့်ပြီးပြောခဲ့ပါတယ်။ Jackson က “ကျွန်တော့်ရင်ခုန်စေတဲ့သူ… ရှိတာပေါ့.. ကျွန်တော်ပွဲဦးထွက်ပြီးကတည်းက ကျွန်တော့်ဖက်ကအမြဲရပ်တည်ပေးခဲ့ကြပြီး အားပေးခဲ့ကြတဲ့သူတွေ၊ ကျွန်တော်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကြီးကြီးမားမားရှိနေတဲ့အပြင် ကျွန်တော်ဟာသီချင်းကောင်းတွေကိုဖန်တီးနိုင်စွမ်းရှိတယ်ဆိုပြီး သိရှိအားပေးခဲ့ကြတဲ့ပရိသတ်တွေက ကျွန်တော့်ရဲ့နှလုံးသားကို ရင်ခုန်သံတွေမြန်ဆန်စေခဲ့သူတွေပါပဲ။

ကျွန်တော့်ကိုအမြဲတမ်းယုံကြည်ပေးခဲ့ကြတဲ့ မင်းတို့လေးတွေ(ပရိသတ်တွေ)အားလုံးဟာ ကျွန်တော့်ရဲ့နှလုံးသားကို အမြဲတမ်း ရင်ခုန်အောင်လုပ်နိုင်မယ့်သူလေးတွေပါပဲ။ ဒီခံစားချက်က နှစ်ဦးနှစ်ဖက် အပြန်အလှန်ရှိနေမယ့်ခံစားချက်မျိုး ဖြစ်နေမှာပါ” ဆိုပြီး စကားလုံးလေးတွေနဲ့အတူ ပရိသတ်တွေကို ခြွေချသွားခဲ့ပြန်ပါတယ်။

Idol တစ်ယောက်ဖြစ်လာပြီဆိုကတည်းက ပရိသတ်တွေရဲ့အားပေးမှုဟာ အဆိုပါ idol အတွက်တော့ အားဆေးတစ်မျိုးပါပဲ။ Jackson ကို အချိန်တိုင်းရင်ခုန်သံတွေမြန်ဆန်စေတဲ့ ပရိသတ်ကြီးတို့ကလည်း အပြန်အလှန်ချစ်ခြင်းတရားတွေနဲ့အတူ နေ့ရက်တိုင်းမှာ Jackson ကို အားပေးနေကြဦးမှာဖြစ်ပါတယ်။

Source: Koreaboo
Photos: Naver
Written: Julia

 

Share