အဓိကသရုပ်ဆောင်များကိုကြေညာလိုက်တဲ့ ရုပ်လုံးပေါ်လာတော့မယ့် Heaven Offical’s Blessing

နာမည်ကြီး BL Novel များစွာကို အမြဲပုံဖော်ထုဆစ်ပေးနေတဲ့ Mo Xiang Tong Xiu ရဲ့ တတိယမြောက်နာမည်ကြီး Novel တစ်ခုဖြစ်တဲ့ Heaven Offical’s Blessing ကို ဇာတ်လမ်းတွဲအဖြစ် အသက်သွင်းတော့မယ်ဆိုတဲ့အကြောင်းကိုတော့ အားလုံးပဲသိထားပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်။

ဇာတ်လမ်းတွဲရိုက်ကူးတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တဲ့အချိန်တည်းက ဇာတ်လမ်းတွဲမှာပါဝင်မယ့် အဓိကသရုပ်ဆောင်များနဲ့ပတ်သက်တဲ့ ကောလဟာလအမျိုးမျိုးဟာလည်း မကြာခဏဆိုသလို ဂယက်ရိုက်ခဲ့တာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ဒီဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်များအနေနဲ့ R1SE အဖွဲ့ဝင် Zhai Xiaowen နဲ့ Zhang Linghe တို့ပါဝင်သွားမယ်ဆိုတဲ့အကြောင်းကို Douban Update မှာတရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ Xie Lian အဖြစ် Zhai Xiaowen ၊ Hua Cheng အဖြစ် Zhang Linghe တို့က ဇာတ်ကောင်များကို အသီးသီးတာဝန်ယူသရုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အပိုင်းပေါင်း(၄၀)ပါဝင်မှာဖြစ်ပြီး IQIYI နဲ့ Huace Film & TV ကနေထုတ်လွှင့်ပြသသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။ ထုတ်လွှင့်ပြသမယ့်ရက်အတိအကျကိုတော့ ဆက်လက်ကြေညာသွားမှာဖြစ်ပြီး ရိုက်ကူးရေးကာလအနေနဲ့ ခန့်မှန်းခြေအားဖြင့် (၆)လခန့်ကြာမြင့်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ ပရိတ်သတ်တွေကြည့်ရှုလို့မဝနိုင်အောင်ဖြစ်ခဲ့ရတဲ့ The Untamed ကိုရိုက်ကူးပုံဖော်ပေးခဲ့သူ ဒါရိုက်တာ Chen Jia Lin ကပဲ တာဝန်ယူရိုက်ကူးမှာဖြစ်ပါတယ်။ ဆရာမ Mo Xiang Tong Xiu ရဲ့ ပြောင်မြောက်တဲ့အရေးအသားတွေကနေဖြစ်တည်လာခဲ့တဲ့ HOB Fan တွေရဲ့အတွေးပုံရိပ်တွေဟာ အင်မတန်ကိုလှပခဲ့ပါတယ်။

အရပ်အမောင်းကွာဟချက်သေးသေးလေးတွေကနေစလို့ Hua Cheng နဲ့ Xie Lian တို့ကြားကနူးညံ့သိမ်မွေ့တဲ့ဆက်ဆံရေးဟာ ပုံဖော်လို့အကောင်းဆုံးအရာ​ြဖစ်ခဲ့ပြီး Illustrator များစွာရဲ့ လက်စွမ်းပြဖန်တီးမှုတွေနဲ့လည်းပြည့်နက်နေဆဲဖြစ်ပါတယ်။

တားမြစ်ချက်တွေများလွန်းတဲ့ တရုတ်ပြည်ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီလည်းဖြစ်အောင်၊ Novel ရဲ့ရသကိုလည်းပေါ်လွင်အောင် ဘယ်လိုတွေရိုက်ကူးချပြမလဲဆိုတာကို စောင့်ကြည့်ကြရင်း အကောင်းဆုံးတွေကို အတူတကွမျှော်လင့်စောင့်စားကြရမှာပဲဖြစ်ပါတယ်။

Written: Nair Nair
Source: Douban
Photos: CDramauniverse

Share