Gong Jun နဲ့ Zhang Huiwen ကို ဝေဝေဆာဆာချီးကျူးခဲ့တဲ့ “The Flaming Heart” ရဲ့ ဒါရိုက်တာကြီး

Advertisements

Gong Jun နဲ့ Zhang Huiwen တို့က မီးသတ်သမားတို့ရဲ့ဘဝကိုကျောရိုးယူထားတဲ့ အချစ်ဇာတ်လမ်းတွဲ The Flaming Heart မှာ အတူတူပါဝင်သရုပ်ဆောင်ထားပြီး ဇူလိုင် ၈ ရက်နေ့ကတည်းက စတင်ပြသနေပြီဖြစ်ပါတယ်။

Gong Jun နဲ့ Zhang Huiwen တို့ကတော့ သူတို့ပါဝင်သရုပ်ဆောင်ရတဲ့ဇာတ်လမ်းထဲမှာ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုပြသထားနိုင်တဲ့အပြင် ယခုတခါမှာလည်း စိတ်နှစ်ထားတဲ့သရုပ်ဆောင်အရည်အချင်းတွေကို ဒါရိုက်တာကြီးဖြစ်တဲ့ Zhang Lichuan ကိုယ်တိုင်ကကို မချီးကျူးဘဲမနေနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

မီးလျံကြား၊ သဘာဝအန္တရာယ်တွေကြားက ကယ်ဆယ်ရေးအခန်းတွေကတော့ တကယ်ကို ခက်ခဲတဲ့အပြင် သရုပ်ပေါ်အောင်လည်းရိုက်ကူးရတာဖြစ်တာကြောင့် ကြိုးစားလွန်းတဲ့ မင်းသား Gong Jun ဟာ နှလုံးခုန်နှုန်းမမှန်တဲ့အထိဖြစ်ခဲ့ရပြီး ဆေးရုံတင်လိုက်ရတဲ့အထိပါပဲ။ မင်းသမီး Zhang Huiwen ကလည်းပဲ ကြာမြင့်လွန်းလှတဲ့ရိုက်ကူးရေး‌ကြောင့် ရိုက်ကွင်းမှာပဲ အသံပျောက်သွားခဲ့ပါတယ်။

တကယ့်လက်တွေ့သရုပ်ပေါ်အောင် အကောင်းဆုံးရိုက်ကူးခဲ့တဲ့ Gong Jun နဲ့ Zhang Huiwen တို့ကို ဒါရိုက်တာကြီးက “ရိုက်ကူးရေးက ဘယ်လောက်ကြီးခက်ခဲသည်ဖြစ်စေ.. နောက်ကျတဲ့အထိရိုက်ကူးရတာမျိုးဖြစ်စေ.. သူတို့ရဲ့ဇာတ်ဝင်ခန်းတွေ၊ ပြောစကားတွေနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင်လုပ်ဖို့အတွက် နှစ်ယောက်စလုံး ကျွန်တော့်ဆီကိုလာပြီး ‌ဆွေးနွေးလေ့ရှိတယ်။

ဆရာကျကျသရုပ်ဆောင်နိုင်ဖို့နဲ့ ဇာတ်လမ်းအပေါ်စိတ်ပါဝင်စားမှုတွေဟာ သူတို့ရဲ့မျက်လုံးထဲမှာ အထင်းသားမြင်နေရတယ်။ ဒီလိုမျိုးသရုပ်ဆောင်တွေဆိုတာ တကယ်ကို ရှားပါးလှပါတယ်” ဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။ ဇာတ်လမ်းမရိုက်ကူးခင်က Gong Jun ဟာ ပထမဆုံးရည်ရွယ်ထားတဲ့ခေါင်းဆောင်မင်းသား မဟုတ်ခဲ့ပါဘူး။

ဇာတ်ညွှန်းရေးဆရာဖြစ်သူ ပရိုဂျူဆာ Han Peijun ကလည်း “Gong Jun မှာ မီးသတ်သမားတွေရဲ့ ရဲရင့်မှုမျိုးကို မြင်နေရတယ်။ အားကိုးချင်စရာပုံစံမျိုးပေါ့။ ပရိသတ်တွေကလည်း Gong Jun ရဲ့ သရုပ်ဆောင်အရည်အချင်းကို လက်ခံအားပေးပြီးသားဆိုတော့ ဒီဇာတ်လမ်းမှာပါဝင်ရိုက်ကူးတဲ့အခါမှာ အလုံးစုံပြီးပြည့်စုံသွားသလိုမျိုး ကျေနပ်မှုဖြစ်ရပါတယ်” လို့ ချီးကျူးသွားခဲ့ပြန်ပါတယ်။

အထူးသဖြင့်တော့ ဒါရိုက်တာ Zhang Lichuan က Gong Jun ကို မျိုးစုံဖော်ပြရင်း ချီးကျူးနေခဲ့တာပါ။ သရုပ်ဆောင်တဲ့အခါမှာ မင်းသားတချို့ဟာ ဇာတ်ကောင်နဲ့အံဝင်ဂွင်ကျမှုမရှိတာမျိုး ဖြစ်တတ်ပေမဲ့ ၂၈ နှစ်အရွယ် မင်းသား Gong Jun ကတော့ ဒီလိုမျိုးမရှိဘူးလို့ဆိုပါတယ်။

“မင်းသား Gong Jun က သူသရုပ်ဆောင်တဲ့ဇာတ်ကောင်နဲ့ တသားတည်းကျသွားတယ်။ သူ့ရဲ့ စိတ်သဘောထားနဲ့ EQ ‌က လိုချင်တဲ့ဇာတ်ကောင်ကိုပုံဖော်ရမှာ တစ်ထပ်တည်းကျနေစေခဲ့တယ်။ အသေးစိတ်လေးကအစ Gong Jun နဲ့ပတ်သက်သမျှတိုင်းဟာ မြတ်နိုးဖွယ်အတိပဲ။

သူဟာ အလွန်ရင်းနှီးကျွမ်းဝင်လွယ်ပြီး ဖော်ရွေကြည်သာတဲ့ လူကောင်းတစ်ယောက်ပါပဲ” လို့ တဝကြီးကို ချီးကျူးနေခဲ့တာဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာတစ်ယောက်ကတောင် အကြိမ်ရေများစွာ, ဖွင့်ဟချီးကျူးခံရတဲ့အထိ Gong Jun ဟာ အရည်အချင်းရှိပြီး အကျင့်ကောင်းမွန်တဲ့မင်းသားပါပဲ။

ရိုက်ကူးရေးမှာရှိသူတိုင်းကိုလည်း ဂရုစိုက်တတ်သလို စားသောက်ဖို့အတွက်ပါ ပြင်ဆင်ပြီးယူသွားတဲ့အထိ သဘောကောင်းသူလေးဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝမှု၊ နွေးထွေးတဲ့အကျင့်စရိုက်ရှိမှုနဲ့ ကိုယ့်ကိုကိုယ်တိုးတက်အောင် အမြဲကြိုးစားနေတတ်တဲ့ Gong Jun ဟာ ရွှေရောင်တောက်ပနေတဲ့အနာဂတ်ကို ကျိန်းသေပိုင်ဆိုင်နိုင်လိမ့်မယ်,ဆိုပြီး ဒါရိုက်တာကြီး Zhang Lichuan က ဟောကိန်းထုတ်သွားခဲ့ပြီဖြစ်ပါတယ်။

Source: Sohu
Photos: YOUKU
Written: Julix

Advertisements
Share