မထင်မှတ်ထားတဲ့ ကိစ္စတွေကြောင့် ထုတ်လွှင့်ပြသဖို့ အခက်တွေ့သွားရတဲ့ The Golden Hairpin ဇာတ်လမ်းတွဲ

Advertisements

Tencent ကနေ တင်ဆက်မယ့် လူစိတ်ဝင်စားမှုအများဆုံး ဇာတ်လမ်းတွဲတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ The Golden Hairpin ဇာတ်လမ်းတွဲကို ကြည့်ရှုရဖို့ စောင့်မျှော်နေတဲ့ ပရိတ်သတ်တွေ များစွာရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ ထိပ်တန်းကြယ်ပွင့်တွေဖြစ်တဲ့ Kris Wu နဲ့ Yang Zi တို့ ပါဝင်နေတာကလည်း ဇာတ်လမ်းတွဲရဲ့ အရှိန်အဟုန်ကို တိုးပွားစေခဲ့တဲ့ အကြောင်းအရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

သို့သော်လည်း မကြာသေးမီက မထင်မှတ်ပဲ ဖြစ်ပေါ်ခဲ့ရတဲ့ Kris Wu နဲ့ ပတ်သက်တဲ့ ကိစ္စတစ်ချို့ကြောင့် The Golden Hairpin ဇာတ်လမ်းတွဲရဲ့ ထုတ်လွှင့်ပြသမှုဟာ အချိန်ကာလတစ်ခုအထိ ရွှေ့ဆိုင်းသွားခဲ့ပြီဖြစ်ပါတယ်။ Kris Wu ကို Tencent ရဲ့ Brand Ambassador အဖြစ်ကနေ ရပ်ဆိုင်းဖို့ ကြေညာလိုက်ပြီးတဲ့နောက်မှာ ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမှုကိုလည်း နောက်ဆုတ်ဖို့ အခြေအနေတွေ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

The Golden Hairpin ဇာတ်လမ်းတွဲကို ဒီနှစ်ရဲ့ နွေရာသီလောက်မှာ ထုတ်လွှင့်ပြသနိုင်ဖို့ စီစဉ်ထားမှုကို ရပ်ဆိုင်းခြင်းနဲ့အတူ အစားထိုး ထုတ်လွှင့်ပြသနိုင်ချေရှိတဲ့ ဇာတ်လမ်းတွဲတွေရဲ့ သတင်းများလည်း ပေါ်ထွက်လာခဲ့ပါတယ်။ Tencent ကနေ အစားထိုး ထုတ်လွှင့်ပြသသွားနိုင်ချေရှိတဲ့ ဇာတ်လမ်းတွဲတွေကတော့ Immortality ဇာတ်လမ်းတွဲ နဲ့ Winner is King ဇာတ်လမ်းတွဲ တို့ နှစ်ခုကို ထင်ကြေးပေးပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲ နှစ်ခုဟာလည်း Tencent ရဲ့ လူစိတ်ဝင်စားမှု အများဆုံး ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်နေသလို နာမည်ကြီးသရုပ်ဆောင်များပါဝင်ပြီး ပရိတ်သတ်များစွာ စောင့်ဆိုင်းနေကြတ​ဲ့ ဇာတ်လမ်းတွဲတွေလည်း ဖြစ်နေပါတယ်။ Immortality ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်များ အနေနဲ့ Luo Yunxi နဲ့ Chen Feiyu တို့ ပါဝင်ထားပြီး Winner is King ဇာတ်လမ်းတွဲမှာတော့ Tan Jian Ci, Chen Zhe Yuan, Li Hong Yi, Sun An Ke တို့ အဓိကပါဝင် ထားပါတယ်။

Tencent ထုတ်လုပ်ရေးဘက်ကတော့ The Golden Hairpin ဇာတ်လမ်းတွဲရဲ့ ရပ်ဆိုင်းမှုကိုသာ ကြေညာထားတာဖြစ်ပြီး အစားထိုး ထုတ်လွှင့်ပြသမှုနဲ့ သက်ဆိုင်တဲ့ အကြောင်း တစ်စုံတစ်ရာကိုတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။

Written : Nair Nair
Source : Tencent
Photos : Twitter

Advertisements
Share