တောင်ကိုရီးယား သမ္မတကိုယ်တိုင် သမ္မတရုံး အထူးသံတမန်အဖြစ် ​ခန့်အပ်ခြင်းကိုခံခဲ့ရတဲ့ BTS

Advertisements

ဇူလိုင်လ ၂၁ ရက်​နေ့မှာ ​တောင်ကိုရီးယားနိုင်ငံ အိမ်ပြာ​တော်ရဲ့ ​ပြော​ရေးဆိုခွင့်ရပုဂ္ဂိုလ် Park Kyung Mi က BTS အဖွဲ့ကို သမ္မတရုံး အထူးသံတမန်အ​နေနဲ့ ခန့်အပ်လိုက်​ကြောင်း ထုတ်ပြန်​ကြေငြာလိုက်ပါတယ်။ သူမက “သမ္မတကြီး Moon Jae In ဟာ BTS အဖွဲ့ကို အနာဂတ်မျိုးဆက်နဲ့ ယဉ်​ကျေးမှုဆိုင်ရာ သမ္မတရုံး အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒီလိုခန့်အပ်ရခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်း​တွေနဲ့အညီ အနာဂတ်မျိုးဆက်​တွေ အစဉ်တစိုက် ကြီးထွားဖွံ့ဖြိုးဖို့နဲ့ နိုင်ကံတကာ အသိုင်းအဝိုင်းမှာ ​တောင်ကိုရီးယားရဲ့ သံတမန်ဆက်ဆံ​ရေးကို တိုးချဲ့ဖို့အတွက် ဖြစ်ပါတယ်” လို့ ​ပြောကြားခဲ့တာပါ။

BTS အဖွဲ့ကို အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းဟာ အစိုးရရဲ့ လူထုအကျိုးပြု သံတမန်​ရေးရာ မူဝါဒ​တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြည်သူ​တွေရဲ့ သံတမန် စွမ်း​ဆောင်ရည်ကို ​ပေါင်းစည်းဖို့နဲ့ နိုင်ငံရဲ့ သံတမန်​ရေးရာ ရပ်ဝန်းကို တိုးချဲ့ဖို့ဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ဒီလို ကမ္ဘာ့စင်မြင့်ထက်မှာ တက်ကြွစွာ လှုပ်ရှား​နေတဲ့ ပြည်သူကိုယ်စားပြု BTS အဖွဲ့နဲ့ ပူး​ပေါင်းခြင်းအားဖြင့် ကမ္ဘာ့​ဆွေး​နွေးပွဲ​တွေမှာ နိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ထား​ကြောင်းလည်း ​ပြောကြားခဲ့ပါတယ်။

BTS အဖွဲ့ရဲ့ “Butter” သီချင်းဟာ “Billboard Hot 100 Chart” မှာ ၇ ပတ်ဆက်တိုက် နံပါတ် ၁ ရရှိပြီး စံချိန်ချိုးခဲ့ပြီး​နောက် သူတို့ရဲ့ သီချင်းအသစ်ဖြစ်တဲ့ “Permission to Dance” ဟာလည်း ယခုအပတ်အတွက် နံပါတ် ၁ ​နေရာကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အိမ်ပြာ​တော်က ဒီအ​ကြောင်းကို ထည့်သွင်း​ပြောကြားသွားသလို သီချင်းက ​ပေးချင်တဲ့ မက်​​ဆေ့ဂျ်နဲ့ လက်ဟန်ပြဘာသာစကားကို ထည့်သွင်းထားတဲ့ ကကွက်​တွေဟာ အစိုးရက ချမှတ်ထားတဲ့ ကိုဗစ် ၁၉ ​ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံ​တွေနဲ့အတူ စည်းလုံးညီညွတ်စွာ လက်တွဲပြီး ​ကျော်ဖြတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီ​နေတာကို ​တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် BTS အဖွဲ့ဟာ လာမယ့် စက်တင်ဘာလမှာ အ​မေရိကန်နိုင်ငံ၊ နယူး​ယောက်မြို့မှာ ပြုလုပ်မယ့် ၇၅ ကြိမ်​မြောက် UN အ​ထွေ​ထွေညီလာခံကို တက်​ရောက်သွားမှာဖြစ်ပါတယ်။ ထိုညီလာခံမှာ ကမ္ဘာအဝန်းက ဆယ်​ကျော်သက်​တွေအတွက် ​မျှော်လင့်ချက်နဲ့ စိတ်သက်သာရာရ​စေဖို့ အား​ပေးစကား​တွေကို မျှ​ဝေသွားမှာဖြစ်ပါတယ်။ သူတို့ဟာ သဘာဝပတ်ဝန်းကျင်၊ ဆင်းရဲနွမ်းပါးမှု၊ ခွဲခြားဆက်ဆံမှုနဲ့ တခြား​သော ကမ္ဘာနဲ့အဝန်း ကြုံ​တွေ​နေရတဲ့ ပြဿနာ​တွေအတွက် အသိပညာ​ပေးလုပ်ငန်း​တွေမှာလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ BTS အဖွဲ့ဟာ ယခင်ကလည်း UNICEF ရဲ့ အကြမ်းမဖက်​ရေး လှုပ်ရှားမှုအတွက် UN အ​ထွေ​ထွေညီလာခံကို ၂ ကြိမ် တက်​ရောက်ခဲ့ဖူးပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Advertisements
Share