Celebrity News

အလုပ်နဲ့ပတ်သက်လာတိုင်း “မသေရင် ရပြီ” လို့ စိတ်သွင်းထားတဲ့အကြောင်းကို ပြောခဲ့သူ Jackson

GOT7 ရဲ့ Jackson Wang ကတော့ အလုပ်နဲ့ပတ်သက်လာရင် အားလပ်ချိန်မရှိအောင် ကြိုးစားလွန်းတဲ့ ကမ္ဘာပေါ်က တစ်ယောက်တည်းသောသူလို့တောင် တင်စားရပါလိမ့်မယ်။ မတ်လတုန်းက ဝမ်ကျားအော်,ဟာ ဒီနှစ်အတွင်းမှာပဲ သီချင်းအပုဒ်ရေ ၄၀ ထက်မနည်း ထွက်ရှိသွားမယ်လို့ ‌ဖော်ပြခဲ့ဖူးပါတယ်။

ဒါ့အပြင် ဒီသီချင်းတွေထဲမှာ Marvel Studios ရဲ့ ဇာတ်ကားအသစ် Shang-Chi နဲ့ the Legend of the Ten Rings အတွက် သီချင်းတွေလည်း ပါဝင်လာနိုင်ချေရှိနေပါတယ်။ ဒီလိုမျိုး စက္ကန့်မလပ်အောင် အသစ်တွေထွက်ရှိနိုင်လွန်းတဲ့ Jackson ကိုကြည့်ရင်း လူတစ်ယောက်က ဒီလောက်ထိ အလုပ်ကြိုးစားပြီး ထုတ်လုပ်နိုင်စွမ်း မြင့်နိုင်ပါ့မလား,ဆိုပြီး တွေးကောင်းတွေးမိနိုင်ပါတယ်။

Jackson ကတော့ လက်ဖျားခါလောက်တဲ့အထိ လုပ်နိုင်ကြောင်း အမျိုးမျိုးသက်သေပြနေတော့တာပါပဲ။ သူကိုယ်တိုင်လည်း အချိန်အားလပ်ဖို့၊ နားချိန်ရဖို့ကို ဘယ်တုန်းကမှ ဂရုမစိုက်ဖူးကြောင်း ပြောခဲ့ပြီးသားပါ။ ကွာရန်တင်းဝင်နေရတဲ့အချိန်မှာတောင် ဂီတဖန်တီးမှုအသစ်တွေကို မနားမနေလုပ်နေခဲ့တဲ့ ဝမ်ကျားအော်ပါပဲ။ အလုပ်နဲ့ပတ်သက်လာရင် ဇွဲကြီးတဲ့ Jackson က သူ့ကို နောက်ကွယ်ကနေ လှုံ့‌ဆော်အားဖြစ်စေတဲ့အရာတွေကို ပြောပြခဲ့ပါတယ်။

99.7 NOW နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအသစ်မှာ Jackson က အသစ်ထွက်ရှိထားတဲ့ “Drive You Home” အကြောင်း ဖောက်သည်ချခဲ့ပါတယ်။ အင်တာဗျူးလုပ်ပြီး ပွဲတစ်ခုတက်ဖို့အတွက် ၈ နာရီအတွင်း ထွက်ခွာရမယ့်အကြောင်း အသိပေးခဲ့တဲ့အခါမှာတော့ ကြပ်ညပ်နေတဲ့ အချိန်ဇယားကြောင့် Big Reid က အံ့ဩကြီးစွာဖြစ်ခဲ့ပါတယ်။ ပြီးတော့ “Bro, မင်းနဲ့ စကားပြောတဲ့အချိန်တိုင်း အသားကုန်ကို အလုပ်များနေပါ့လား…” လို့တောင် မှတ်ချက်ပေးယူခဲ့ရပါတော့တယ်။

Jackson ကတော့ အလုပ်ကို အားသွန်ခွန်စိုက်လုပ်နိုင်ဖို့ စိတ်ဓာတ်တက်ကြွစေတဲ့အရာတွေရှိကြောင်း ဖြေပေးခဲ့ပါတယ်။ “ဘာလို့အလုပ်များရလဲ မင်းသိလား? ငါက အကောင်းဆုံးမဟုတ်သေးလို့ပဲ။ အကောင်းဆုံးဖြစ်လာဖို့အတွက် နဖူးကချွေး မြေကျတဲ့အထိ ကြိုးစားနေတာပါ။ အားလုံးအတုယူရတဲ့ အကောင်းဆုံးလူဖြစ်ချင်လို့ပါ။

အစွမ်းကုန်ကြိုးစားထားတာကိုလည်း ကိုယ့်ဘာသာသိတယ်။ ဖြစ်နေကျမြင်နေကျပုံစံတွေကနေ ကွဲထွက်ချင်တယ်။ အကောင်းဆုံးဖြစ်လာဖို့လည်း ကြိုးစားနေတယ်။ ဒီအတွက် ကိုယ့်ကိုကိုယ် တွန်းအားပေးရတယ်။ မသေရင် ရပြီ… ငါ ဒါကို လုပ်နိုင်တယ်… ဆိုတဲ့ စိတ်မျိုးသွင်းထားပါတယ်” လို့ ဖော်ထုတ်ပြောပြခဲ့ပါတယ်။

Jackson ကတော့ နယ်ပယ်ပေါင်းများစွာမှာ နာမည်ရ, အောင်မြင်ထားပြီးသူဖြစ်တာတောင် ကိုယ့်ကိုကိုယ် နှိမ့်ချပြီး တိုးတက်ဖို့လိုအပ်နေသေးကြောင်း တွေးနေတဲ့ပုံပဲ။ ဒါ့ကြောင့်လည်း အားလပ်ချိန်မရှိအောင် ကြိုးစားနေတာလည်း ဖြစ်မှာပါ။ ဒါ့အပြင် Jackson က “စိတ်ဓာတ်ခွန်အားဖြစ်အောင် လှုံ့ဆော်ပေးသူ” လည်း ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

ဒါကိုတော့ “ကျွန်တော် အနုပညာလောက,ကနေ အနားယူသွားရင်ဖြစ်ဖြစ်၊ ကျွန်တော့်ရဲ့သီချင်းတွေကို ဘယ်သူကမှ နားမထောင်ချင်တော့တဲ့အချိန်ရောက်လာရင်ဖြစ်ဖြစ်.. အဲ့အချိန်ကျရင် စိတ်ခွန်အားတက်အောင် ဟောပြောပေးသူအဖြစ်နဲ့ ရှိနေဦးမှာပါ” လို့ ထုတ်ပြောခဲ့ပါတယ်။ အမြဲလိုလို ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့အပြောအဆို‌လေးတွေကြောင့် အားလုံးကချစ်ရတဲ့ Jackson ဟာ ပရိသတ်တွေနဲ့ပတ်သက်လာရင်လည်း လွန်စွာတန်ဖိုးထား ဖေးမတတ်သူဖြစ်ပါတယ်။

အားလုံးအတွက်ခက်ခဲနေတဲ့အချိန်ကြီးမှာတောင် ပရိသတ်တွေ စိတ်အပန်းပြေသွားအောင် အနားမှာရှိနေသလို အားပေးနေတတ်သူကတော့ ဝမ်ကျားအော်လေးပါပဲ။ အကောင်းဆုံးတွေကိုသာ ချပြချင်သူ Jackson ရဲ့ နောက်ဆုံးထွက်ထားတဲ့ “Drive You Home” သီချင်းလေးကို နားထောင်ရင်း သူ့ရဲ့ကြိုးစားမှုတွေကို အသိအမှတ်ပြုပေးကြရအောင်နော်။

Source: Koreaboo
Photos: TeamWang
Translated by Julix