အသည်းအသန်လိုက်နေတဲ့ Stalker Fan တွေအား စာတစ်စောင်နဲ့အတူ တောင်းပန်လိုက်တဲ့ Wang Anyu

တရုတ်နိုင်ငံရဲ့ အနုပညာရှင်တွေက နာမည်ကြီးလာတာနဲ့အမျှ လွတ်လပ်ခွင့်တွေဆုံးရှုံးနေတဲ့အဖြစ်မျိုး မကြာခဏကြုံတွေ့နေရပါတယ်။ အခုတစ်ခါမှာတော့ မင်းသား Wang Anyu ဆိုရင် Stalker Fan တွေကို အိတ်ဖွင့်ပေးစာလေးရေးပြီး တောင်းဆိုလိုက်ပါတယ်။

Wang Anyu ကတော့ မကြာခင်ထွက်လာတော့မယ့် BL မူရင်းဝတ္ထုကိုအသက်သွင်းထားတဲ့ Chasing the Light ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်လိုက်ဖြစ်ပါတယ်။ မကြာသေးခင်ကမှ မင်းသားဟာ သူ့ရဲ့ Weibo ကနေတဆင့် sisheng fan (အနုပညာရှင်တွေရဲ့ ကိုယ်ပိုင်ဘဝကို အစွဲလန်းလွန်ပြီး ဝင်ရောက်ဖို့ကြိုးစားနေတဲ့ ပရိသတ်များ) တွေကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို ဖွင့်ပြောလာခဲ့ပါတယ်။

August 22 ရက်နေ့တုန်းက Anyu ရေးသားခဲ့တဲ့စာလေးကတော့: “ကျွန်တော့်ကို ချစ်ခင်နှစ်သက်ပေးတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်၊ ရုပ်ရည်သွင်ပြင်နဲ့ ဖန်သားပြင်ထက်မှာမြင်ရတဲ့ ဇာတ်ကောင်ပုံစံကို နှစ်သက်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ပရိသတ်တွေအားလုံးနဲ့ အများရှေ့မှာ လက်ခံဆုံတွေ့ရတာမျိုးကို သိပ်ပျော်ပါတယ်။ ကျွန်တော့်ရဲ့အပျော်တွေကို မျှဝေနိုင်တာမျိုး၊ အတွေးချင်းဖလှယ်တာမျိုးနဲ့ လူကောင်းတစ်ယောက်ဖြစ်လာဖို့ အထောက်အပံ့ပေးတာမျိုးတွေအားလုံးကိုလည်း ကျေနပ်စွာလက်ခံနိုင်ပါတယ်။

ဒါပေမဲ့လည်း အရိုးသားဆုံးပြောရရင် ကျွန်တော်က သာမန်လူသားတစ်ယောက်ပါပဲ။ သရုပ်ဆောင်မင်းသားကောင်းတစ်ယောက်ဖြစ်ချင်တဲ့ သာမန်ကောင်လေးပါပဲ။ အလုပ်ဆိုတာလည်း ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပေမဲ့ အရာအားလုံးတော့မဟုတ်ပါဘူး။ ကျွန်တော့်မှာလည်း ကိုယ်ပိုင်အတွေးတွေနဲ့ ကိုယ်ပိုင်ဘဝတစ်ခုရှိပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်လေးကို နောက်ယောင်ခံလိုက်တာမျိုး၊ မျက်‌ခြေမပြတ်စောင့်ကြည့်တာမျိုးကိုတော့ တကယ်မလိုချင်ပါဘူး။ လူတစ်ယောက်ချင်းစီတိုင်းရဲ့စိတ်ထဲမှာ အလင်းနဲ့အမှောင် ဆိုပြီး ၂ ခြမ်းရှိနေတတ်တယ်လို့ ထင်ပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်နေတဲ့အတွက် ပရိသတ်တွေကို အတောက်ပဆုံးနဲ့ ပျော်ရွှင်နေတဲ့ပုံစံကိုပဲ ချပြချင်ပါတယ်။

ကျွန်တော်တစ်ယောက်တည်းရှိတဲ့အချိန်ဆိုရင်တော့ စိတ်ထဲမသက်မသာဖြစ်နေတဲ့အရာတွေကို ကိုယ့်ဘာသာထုတ်ပစ်ဖို့ လိုအပ်တယ်လေ။ ကျွန်တော့်ကို တကယ်နှစ်သက်ပြီး တန်ဖိုးထားတဲ့ပရိသတ်တွေဆိုရင်တော့ ကျွန်တော့်ကို သီးသန့်အချိန်နဲ့ လွတ်လပ်ခွင့်လေးပေးမယ်လို့ မျှော်လင့်မိပါတယ်။

လူ့ဘဝ ရှင်သန်ရတာမှ တစ်ခဏတာပါပဲ။ အားလုံးလည်း ကျင်လည်ရာဘဝကြီးကို ရှင်သန်နေထိုင်ဖို့အတွက် ကျားကုတ်ကျားခဲကြိုးစားနေကြမှာပါ။ ဖိနှိပ်ထိန်းချုပ်ခံရပြီး စိတ်ကျဉ်းကြပ်စွာနေထိုင်နေရတဲ့ဘဝကြီးက ကျွန်တော်လိုချင်တဲ့ပုံစံမျိုး မဟုတ်ပါဘူး။ အမှောင်ထုကိုကွယ်ရင်း နောက်ကနေ တကောက်ကောက်လိုက်နေပြီးမှ ဆုံတွေ့ရတာမျိုးကိုလည်း ကျွန်တော်လုံးဝမလိုချင်ပါဘူး။

နောက်ကိုလှည့်ကြည့်လိုက်တိုင်း အမြဲရှိနေတာကြောင့် “ဆက်မလိုက်ပါနဲ့” လို့ ပြောလို့ရပေမဲ့ လူအုပ်ကြီးနဲ့ လိုက်လာပြီး “မင်းက Wang Anyu လား” လို့ မေးတဲ့အခါမှာတော့ “ဟုတ်ပါတယ်။ ကျွန်တော့်ကိုသိတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ပဲ စိတ်ကျဉ်းကြပ်စွာနဲ့ အဖြေပေးရမှာပေါ့” လို့ ရေးသားထားခဲ့ပါတယ်။ လူသားတိုင်းက လွတ်လပ်တဲ့အရသာကို သိပ်ကိုကြိုက်နှစ်သက်ကြပါတယ်။

Anyu ကလည်း လူငယ်လေးတစ်ယောက်ဖြစ်တာကြောင့် အနုပညာရှင်ဖြစ်သော်ငြားလည်း ကိုယ်ပိုင်လွတ်လပ်စွာနေရတဲ့အချိန်လေးကိုတော့ တောင့်တမိမှာပါ။  စာလေးအရ သူ့အနေနဲ့ အမြဲနောက်ယောင်ခံလိုက်ကာ မလွတ်တမ်းစောင့်ကြည့်ခံနေရတာမျိုးကို စိတ်ကျဉ်းကြပ်နေပုံရပြီး နောက်ထပ်မလုပ်ဖို့ တောင်းဆိုနေတဲ့ပုံစံလေးပါပဲ။ တရုတ်ပရိသတ်တွေကတော့ မင်းသားရဲ့ တောင်းဆိုချက်လေးကို တရေးတယူလုပ်ပေးပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source: 1
Photos: Weibo
Translated by Julix