ပရိတ်သတ်တွေအတွက် အကြံပြုချက်တွေနဲ့ မေတ္တာရပ်ခံခဲ့တဲ့ Zhao Liying

Zhao Liying နဲ့ Wang Yibo တို့ဟာ Legend of Fei ဇာတ်လမ်းတွဲမှာ အတူပါဝင်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့သလို ပရိတ်သတ်တစ်ချို့ကြား တင်းမာမှုတွေ ရှိခဲ့တာဟာလည်း ငြင်းဆန်လို့မရတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။  မကြာသေးမီကပဲ ကောလာဟလအနေနဲ့ အင်တာနက်သုံးစွဲသူများကြားမှာ ပျံ့နှံ့ခဲ့တဲ့ Zhao Liying နဲ့ Wang Yibo တို့ရဲ့ ဒုတိယအကြိမ် ပေါင်းစည်းမှုဖြစ်လာနိုင်တဲ့ Savage Growth ဇာတ်လမ်းတွဲနဲ့ ပတ်သတ်ပြီး အတည်မပြုရသေးတဲ့ အချက်အလက်တွေအပေါ် နှစ်ဖက်အနုပညာရှင်များရဲ့ ပရိတ်သတ်တစ်ချို့ကြား တင်းမာမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

Weibo Team ရဲ့ အဆိုအရ ဩဂုတ်လ (၂၂) ရက်နေ့၊ နှစ်ဖက်ပရိတ်သတ်တစ်ချို့ရဲ့ အပြန်အလှန်ပြောဆိုမှုတွေ တင်းမာလာချိန်မှာ Zhao Liying ရဲ့ ပရိတ်သတ်တစ်ချို့ဆီက တရားဝင်အတည်ပြုကြေညာမှု ပြုလုပ်ရခြင်းမရှိသေးတဲ့ ဇာတ်လမ်းတွဲ အသစ်နဲ့ ပတ်သက်ပြီး အစုလိုက် အပြုံလိုက် ကန့်ကွက်ကြောင်း သတင်းအမြောက်အမြားကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

Zhao Liying ရဲ့ Fan Club တွေကနေလည်း ကောလဟာလကို အတည်ပြုပါက အနုပညာရှင် နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ပူးပေါင်းမှုကို ငြင်းပယ်ရန်နဲ့ ဇာတ်လမ်းတွဲကို ဆန့်ကျင်ကြဖို့ ပူးတွဲကြေညာချက်များကို ဖြန့်ဝေခဲ့ကြပါတယ်။

သြဂုတ်လ (၂၃) ရက်နေ့မှာတော့ Weibo ကနေ အကောင့်များစွာကို ယာယီနဲ့အမြဲတမ်းပိတ်ပင်မှုများ ပြုလုပ်ခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းကလည်း တရုတ်နိုင်ငံရဲ့ Central Cyberspace Commission အနေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ပရိတ်သတ်များရဲ့ အလေ့အကျင့်တွေကို ထိန်းသိမ်းနိုင်ဖို့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ကြေငြာခဲ့ဖူးပါတယ်။

ထိခိုက်ခံရတဲ့ အကောင့်တွေထဲမှာ Follower (၂.၅၈) သန်းရှိတဲ့ “Zhao Liying Global Fan Club” အကောင့်နဲ့ Follower (၂.၃၄) သန်းရှိတဲ့ “Zhao Liying Wei Bar” အကောင့်တို့လည်း ပါဝင်ခဲ့ပြီး Zhao Liying ရဲ့ Fan Club အကောင့်များ၊ ဆက်စပ်အကောင့်များ အပါအဝင် Zhao Liying ရဲ့ Studio အကောင့်လည်း ယာယီပိတ်ပင်ခံခဲ့ရတဲ့ အကြောင်းအရာဟာ ဩဂုတ်လ (၂၄) ရက်၊ Weibo ရဲ့ Hot Search ထဲအထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လ (၂၅) ရက်နေ့မှာတော့ လူအများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ ဖြစ်တဲ့အတွက် လူအများရဲ့ ချစ်ခင်မှုကို ရရှိတဲ့အလျောက် အပြုသဘောဆောင်ပြီး မှန်ကန်တဲ့ လမ်းညွှန်မှုများ ပေးနိုင်ဖို့ တာဝန်ရှိတာကြောင့် လက်ရှိ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး Zhao Liying အနေနဲ့ မိမိကိုယ်ကို လေးလေးနက်နက် ဆန်းစစ်ပြီး အားလုံးကို အကြံပြုမှာဖြစ်ကြောင်း ပြောကြားထားတဲ့ မေတ္တာရပ်ခံစာ တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။

အင်တာနက်ပေါ်မှာ စာရိုက်ပြီး ဆက်သွယ်ပြောဆိုရာမှာ သဟဇာတဖြစ်စွာ ဆွေးနွေးပြောဆိုကြရန်၊ အေးဆေးတည်ငြိမ်စွာ ရေးသားပြောဆိုကြရန်၊ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ရာမှာလည်း မိမိတို့ရဲ့ စကားလုံးများအတွက် တာဝန်ယူနိုင်ကြရန်၊ နောင်အနာဂတ်မှာလည်း အင်တာနက်ပေါ်မှာဖြစ်စေ၊ လက်တွေ့ဘဝမှာဖြစ်စေ အပြုသဘောဆောင်တဲ့ လှပကောင်းမွန်တဲ့ အရာများကို ပိုမိုအလေးထား ရှာဖွေကြရန်၊အကောင်းမြင်ဝါဒကို လက်ကိုင်ထားနိုင်ကြရန်နဲ့ သန့်စင်ကြည်လင်တဲ့ အင်တာနက်ကွန်ရက် ပတ်ဝန်းကျင်ကို တည်ဆောက်ရာမှာ ပါဝင်နိုင်ကြရန် အစရှိတဲ့ သူမရဲ့ မျှော်လင့်ထားမှုတွေကို ပရိတ်သတ်တွေကို ယဉ်ကျေးပြေပြစ်စွာ ချပြခဲ့ပါတယ်။

Written : Nair Nair
Source : JS
Photos : JJ