“Light Chaser Rescue” ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ် ခြေထောက်ဒဏ်ရာရရှိခဲ့တဲ့ Luo Yunxi

သြဂုတ်လ (၂၃) ရက်နေ့က မင်းသား Luo Yunxi လက်တွန်းလှည်းပေါ်မှာ ထိုင်နေရတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ အင်တာနက်မှာ အတော်လေးပျံ့နှံ့ခဲ့ပါတယ်။ အရင်တည်းက ပိန်ပိန်ပါးပါးနဲ့ သူ့ကို စိုးရိမ်နေကြတဲ့ ပရိတ်သတ်များရှိခဲ့သလို ယခင်ကထက်ပိုပြီး ချိုင့်ခွက်နေတဲ့ ပါးပြင်ကြောင့် သူ့ရဲ့ ကျန်းမာရေးအခြေအနေကိုပါ စိုးရိမ်ပူပန်မှုများ ဖြစ်စေခဲ့ပါတယ်။

လက်ရှိမှာ Luo Yunxi ဟာ Light Chaser Rescue ဇာတ်လမ်းတွဲကို မင်းသမီး Wu Qian နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ထိုနေ့က Luo Yunxi ဟာ တောင်ပေါ်မှာ မိုးရွာနေချိန် ကယ်ဆယ်ရေးအခြေအနေကို ရိုက်ကူးနေစဉ် ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သို့သော်လည်း နာကျင်မှုများကြားမှ ခံနိုင်ရည်ရှိတဲ့ သရုပ်ဆောင် Luo Yunxi ဟာ ရိုက်ကူးရေးကို နှောင့်နှေးခြင်းမရှိစေရန် သူရဲ့ အပိုင်းကို ပြီးဆုံးတဲ့အထိ ဆက်လက်ကြိုးစား ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ ရိုက်ကူးရေးပြီးမှသာ ပင်ပန်းနေပုံပေါ်တဲ့ Luo Yunxi ကို ဆေးကုသမှုခံယူရန် ဝန်ထမ်းတစ်ဦးက လက်တွန်းလှည်းဖြင့် ခေါ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်ခုံပေါ်ကို ကွေးတင်ထားတဲ့ သူ့ရဲ့ ညာဘက်ခြေထောက်ဟာ အောက်ချမထားနိုင်တဲ့ပုံပေါ်တာကြောင့် ဒဏ်ရာပြင်းထန်တဲ့ပုံကို သက်ရောက်နေပါတယ်။

ဒါဟာ Luo Yunxi အနေနဲ့ ခြေထောက်ဒဏ်ရာရခဲ့တာ ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာတော့ အားလုံးလည်း သိကြမယ်လို့ထင်ပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်ကလည်း Luo Yunxi ဟာ ရိုက်ကူးရေးမှာ ဘယ်ဘက်ခြေထောက် ဒဏ်ရာရခဲ့ပါသေးတယ်။ ခိုင်မာပြီး ပညာရှင်ပီသတဲ့ သဘောထားနဲ့ Luo Yunxi ကို လူများစွာက သရုပ်ဆောင်ကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုတဲ့အတွက် ပရိသတ်တွေကလည်း မကြာခင် သူပြန်ကောင်းလာပြီး သူ့ရဲ့အလုပ်တွေကို လုံခြုံစွာ ဆက်လက် ရိုက်ကူးနိုင်လိမ့်မယ်လို့ မျှော်လင့်ဆုတောင်း ပေးနေကြပါတယ်။

ဒါ့အပြင် Luo Yunxi ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေဟာ ယခုနှစ်ထဲမှာ သူရဲ့ ကိုယ်အလေးချိန် ကျဆင်းလာတာကို ပရိသတ်တွေ သတိပြုမိကြတာကြောင့် စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။ ချောင်ကျနေတဲ့ မျက်လုံးများနဲ့ မျက်နှာမကြည်မလင်ဖြစ်နေတဲ့ Luo Yunxi ဟာ အားနည်းပုံပေါ်တာကြောင့် ပရိသတ်များက အနားယူခြင်းနဲ့ ကောင်းမွန်စွာ စားခြင်းဖြင့် ပိုမိုဂရုစိုက်ရန် တိုက်တွန်းခဲ့ကြပါတယ်။

Written : Nair Nair
Source : Netease
Photos : iNews