ပထမဆုံး teaser နဲ့တင် စိတ်ဝင်စားမှုမြင့်တက်နေကြတဲ့ Yoo Ah In ရဲ့ ဇာတ်လမ်းသစ်

မင်းသား Yoo Ah In ပါဝင်ရိုက်ကူးထားတဲ့ သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ “Hellbound” ကတော့ ပထမဆုံး teaser ထွက်ရှိလို့လာခဲ့ပါပြီ။ “Train to Busan” ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Yeon Sang Ho ကိုယ်တိုင် ဦးဆောင်ရိုက်ကူးထားခဲ့တဲ့ “Hellbound” ကတော့ နာမည်ရထားတဲ့အတိုင်း တော်တော်ကို စိတ်ဝင်စားမှုတွေမြင့်တက်လျက်ရှိနေပါတယ်။

Netflix စီးရီးဇာတ်လမ်းတွဲဖြစ်ပြီး လူသားတွေဟာ ထိတ်လန့်တုန်လှုပ်စရာသဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ ကြုံ‌တွေ့ရတဲ့အကြောင်းဖြစ်ပါတယ်။ ငရဲပြည်က တမန်တော်တွေဟာ ကမ္ဘာမြေပေါ်ကို ဖိတ်ခေါ်ခြင်းမရှိဘဲ တက်လာခဲ့ပြီး လူသားတွေကို ငရဲပြည်ရောက်အောင် ဆွဲ‌ချခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်ဆန်းကြီးပါ။

ဒီလိုမျိုး ထူးခြားဆန်းကျယ်တဲ့အဖြစ်ဆိုးကြီးကိုရင်ဆိုင်ဖို့ Jung Jin Soo (Yoo Ah In) ဦးဆောင်တဲ့ သာသနာတော်ဂိုဏ်းကို အားလုံးက အလိုရှိတောင့်တလာကြပြီး အားကိုယုံကြည်လာကြပါတော့တယ်။ တစ်ဖက်မှာလည်း ဖြစ်ပေါ်နေတဲ့ သဘာဝလွန်ဖြစ်ရပ်တွေရဲ့ နောက်ကွယ်က အကြောင်းအရင်းမှန်ကို ဖော်ထုတ်ကသိရှိနိုင်ဖို့ လူတစ်စုကလည်း ကြိုးပမ်းလာခဲ့ကြပါတယ်။

ပထမဆုံးထွက်လာတဲ့ Teaser ထဲမှာဆိုရင် ဂိုဏ်းခေါင်းဆောင် Jung Jin Soo က “ပထမဆုံး နတ်သား‌တစ်ပါးပေါ်လာပြီး ရှေ့‌ဖြစ်ဟောကိန်းတစ်ခုထုတ်လိမ့်မယ့်။ ဒီဟောကိန်းကို လူသားတစ်ယောက်က ရရှိမှာဖြစ်ပြီး ဟောကိန်းရတဲ့အဲ့ဒီ့လူသားက ထိုနေ့ ထိုအချိန်မှာပဲ တမန်တော်တွေကလာရောက်ခေါ်ဆောင်မှာဖြစ်တာကြောင့် သေဆုံးကာ ငရဲကို သွားရလိမ့်မယ်” လို့ TV ကနေတဆင့် အတိအလင်းကြေညာပြောဆိုနေခဲ့ပါတယ်။

ဒါကို ကော်ဖီဆိုင်မှာကြည့်နေတဲ့ လူတစ်ယောက်က ချွေးစေးတွေပြန်ကာ စိတ်ခြောက်ခြားနေချိန်မှာပဲ နာရီက 1:20 လည်းထိုးသွားရော ငရဲပြည်ရဲ့စေတမန် ၃ ယောက်ပေါ်ထွက်လာပြီး ထွက်ပြေးနေတဲ့ ထိုယောက်ျားကို လမ်းပေါ်မှာပဲ အရှင်လတ်လတ်ကနေ အရိုးခြောက်ဖြစ်သွားစေပါတော့တယ်။ “Hellbound” စီးရီးကတော့ Toronto International Film Festival (TIFF) မှာတောင် ဖိတ်ကြားခံရတဲ့ ပထမဆုံးကိုရီးယားဇာတ်လမ်းဖြစ်ပါတယ်။

အားလုံးအကြိုက်ဖြစ်တဲ့ စိတ်ကူးယဉ်သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ သဘာဝဖြစ်ရပ်ဆန်းတွေနဲ့ ‌ပုံဖော်ရိုက်ကားထားတဲ့အပြင် အဓိကဇာတ်လိုက်မင်းသားကလည်း Yoo Ah In ဆိုတော့ ပြီးပြည့်စုံနေခဲ့ပါပြီ။ “Hellbound”ဇာတ်လမ်းက စိတ်ကျေနပ်မှုဖြစ်စေမလားဆိုတာကို စောင့်ကြည့်အားပေးကြရပါဦးမယ်နော်။

Source: Soompi
Photos: Soompi
Translated by Julix