JOY လေးကြောင့် သူ့ရဲ့ရင်ထဲမှာ ပန်းလေးတွေပွင့်လန်းနေကြောင်း နှစ်ခြိုက်စွာပြောပြခဲ့သူ Crush

Soloist အဖြစ်နာမည်ကြီးတဲ့ Crush နဲ့ Red Velvet အဖွဲ့ရဲ့အလှလေး JOY တို့က သူတို့ရဲ့အချစ်ရေးကို ဩဂုတ် ၂၃ ရက်နေ့တုန်းကပဲ အတည်ပြုပေးထားတာပါ။ လတ်လတ်ဆတ်ဆတ်အတွဲသစ်လေးလည်းဖြစ်တာကြောင့် ပရိသတ်တွေကလည်း အာရုံစိုက်နေသလို သူတို့နှစ်ယောက်သာပျော်ရွှင်မယ်ဆိုရင်, အားပေးဖို့အသင့်ဖြစ်နေကြပါတော့တယ်။

ဩဂုတ် ၂၃ ရက်နေ့ ညနေပိုင်းမှာပဲ Crush က JOY လေးကြောင့်ပျော်ရွှင်ရတဲ့အကြောင်းလေးကို ပရိသတ်တွေထံ စာလေးရေးပြီး ကြွားလုံးထုတ်ခဲ့ပါသေးတယ်။ စာထဲမှာ ဘာတွေရေးထားသလဲဆိုတော့… “ကျွန်တော်တို့နှစ်ယောက်တွဲလိုက်တဲ့သတင်းကိုကြားပြီး ပရိသတ်ကြီးတို့လည်း တော်တော်အံ့ဩသွားရောပေါ့။

တကယ်တော့ အချစ်ရေးနဲ့ပတ်သတ်ပြီး အခုလိုပြောဆိုတာမျိုးက ပထမဆုံးအကြိမ်မို့လို့ ကျွန်တော်လည်း စိတ်လှုပ်ရှားနေပါတယ်။ အခုချိန်မှာတော့ ‌ကျွန်တော်ချစ်ရတဲ့ကောင်မလေးအကြောင်းကို ပြောပြခွင့်ပြုပါနော်။ အခုရက်ပိုင်းတွေမှာလေ သူလေးကြောင့် ကျွန်တော်ဟာ ပိုပြီး‌ပြုံးတတ်လာသလို ပိုပြီးပျော်ရွှင်လာခဲ့ပါတယ်။

သူလေးကြောင့်ပဲ အကောင်းမြင်စိတ်တွေ ပိုမိုဖြစ်ပေါ်လာလို့ ကျေးဇူးသိပ်တင်မိတယ်။ Joy လေးက တကယ်ကို စိတ်ထားကောင်းပြီး အကောင်းမြင်တတ်တဲ့အပြင် အမြဲတမ်းလန်းဆန်းတက်ကြွနေတတ်တဲ့ကောင်မလေးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ပိုမိုနီးစပ်လာဖို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းနေပါတယ်။

တကယ်တော့ ကျွန်တော်တို့နှစ်ယောက်က အပြန်အလှန်စိတ်ဝင်စားမှုရှိနေပြီး ခံစားချက်တွေရှိနေတာကို သိရှိမိတာ သိပ်မကြာသေးပါဘူး။ သတင်းစပြီးထွက်လာတော့ ကျွန်တော်ကိုယ်တိုင်လည်း အံ့ဩသွားခဲ့ရသေးတယ်။ Dating သတင်းကြောင့် အချို့ပရိသတ်တွေက စိတ်ဆိုးပြီးသဘောမကျစေမိခဲ့ရင်လည်း တကယ်စိတ်မကောင်းပါဘူး။

ကျွန်တော်တို့ကို နားလည်ပေးဖို့ တောင်းဆိုပါရစေ။ ကျွန်တော့်အနေနဲ့ တာဝန်ယူမှုရှိပြီး အကောင်းဆုံးတွေကိုပဲပြသနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျေးဇူးတင်ပါတယ်။ အားလုံးကိုချစ်တယ်!” ဆိုပြီး ရေးသားပြောပြခဲ့ပါတယ်။

Crush ဘဝအတွက် Joy လေးက ပျော်ရွှင်မှုတွေကို သယ်ဆောင်လာပေးတဲ့သူလေးပါပဲ။ ပရိသတ်တွေကတော့ Joy လေးသာ ပျော်ရွှင်ရမယ်ဆိုရင် Crush နဲ့ တွဲတာကို အားပေးနေကြမှာလည်းဖြစ်ပါတယ်။ ပင်ပန်းလှတဲ့ဘဝကြီးမှာ ချစ်ရသူနဲ့အတူ နေ့ရက်တွေကိုဖြတ်သန်းခွင့်ရတာကိုပဲ Joy လေးအတွက် ကျေနပ်နေပါပြီ။

Source: SBS Star
Photos: SBS star
Translated by Julix

Tags: K-Pop Story