“Street Dance of China 4” မှာ Dancer Colin ရဲ့ ဖျော်ဖြေမှုကို ကြည့်ပြီးနောက် ဝမ်းနည်းမျက်ရည်ကျခဲ့တဲ့ Wang Yibo

သြဂုတ်လ (၂၈) ရက်နေ့က “Street Dance of China 4” အပိုင်း (၃) ကို ထုတ်လွှင့်ခဲ့ပြီး ဒီရာသီအသစ်ဟာ ယခင်ရာသီများမှ ကမ္ဘာကျော်အကပညာရှင်များ၊ ချန်ပီယံများနဲ့ ပြိုင်ပွဲဝင်အချို့ ပါဝင်တာကြောင့် ပိုမိုခက်ခဲလာတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ အပိုင်း (၃) ရဲ့ ထူးခြားချက်တစ်ခုကတော့ Dancer Colin ရဲ့ နောက်ဆုံးဖျော်ဖြေ တင်ဆက်မှုပဲ ဖြစ်ပါတယ်။

သူ့ရဲ့ မိတ်ဆက်စကားမှာ Colin က ဒီဖျော်ဖြေတင်ဆက်မှုဟာ လူတိုင်းနဲ့ “သူ့နှလုံးသားထဲက တစ်စုံတစ်ယောက်အတွက်” လို့ ပြောခဲ့တာကြောင့် Captain တွေနဲ့ လူအများဆီက အာမေဍိတ်သံများစွာ ထွက်ပေါ်လာခဲ့ပြီး ဒါဟာ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သတ်တဲ့ ပြောဆိုမှုအဖြစ် လူတိုင်းက ယူဆခဲ့ကြပါတယ်။

သို့ပေမယ့် Colin ကပြယှဉ်ပြိုင်ခဲ့တဲ့ သီချင်းဟာ Wang Leehom ရဲ့ “Luo Ye Gui Gen” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဖျော်ဖြေမှုဟာ Colin ရဲ့ မိသားစုဝင်တစ်ဦးက ရှန်ဟိုင်းကိုရောက်ရင် ကျန်းမာရေးဂရုစိုက်ဖို့ သူ့ကိုပြောထားတဲ့ အသံဖိုင်တစ်ခုပါဝင်တဲ့ ခံစားချက်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုတစ်ခု ဖြစ်နေပါတယ်။

ဖျော်ဖြေမှုအပြီးမှာ Colin ဟာ သူ့ရဲ့ စိတ်ခံစားချက်များကြောင့် မျက်ရည်များကျခဲ့ပါတယ်။ Colin က ဒီဖျော်ဖြေတင်ဆက်မှုဟာ သူ့ရဲ့ကပြမှုကို သူ့နှလုံးသားထဲက တစ်စုံတစ်ယောက်ကို မြင်ခွင့်ရချင်စေရုံတင်မကဘဲ အိမ်မက်တွေကို လိုက်ရှာရင်း အိမ်ရဲ့အဝေးကို ရောက်နေတဲ့ချိန်မှာ သူ့မိသားစုကိုလည်း လွမ်းနေတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။

သူ့ရဲ့ဖျော်ဖြေမှုဟာ အိမ်မက်တွေကို လိုက်ရှာရင်း အိမ်ရဲ့အဝေးကို ရောက်နေသူများကို လေးစားမိစေပြီး အိပ်မက်တွေနောက်ကို ဆက်လိုက်ဖို့ ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ Captain များနဲ့ ပြိုင်ပွဲဝင် တော်တော်များများကလည်း Colin ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ကြောင်း ပြောပြခဲ့ကြပါတယ်။

ကံမကောင်းစွာနဲ့ပဲ Wang Yibo တစ်ယောက်သာ သူ့ကိုမဲပေးခဲ့ပြီး အနည်းဆုံး (၃) မဲလိုအပ်တာကြောင့် (၁) မဲသာရရှိခဲ့တဲ့ သူဟာ ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ Colin က သူဟာ လွန်ခဲ့တဲ့ တစ်လခန့်က သူ့အဘိုးနဲ့ video chat နဲ့သာ တွေ့မြင်ခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

အရာအားလုံးက ပုံမှန်အတိုင်းဘဲလို့ ထင်ရပေမယ့် တစ်ရက်အကြာမှာ သူ့အဖေဆီက သူ့အဘိုးဆုံးသွားပြီဆိုတဲ့ သတင်းကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ Colin ရဲ့ တင်ဆက်မှုဟာ Wang Yibo ကိုလည်း သိသိသာသာ ထိခိုက်စေခဲ့တာကို တွေ့ရပါတယ်။ အခြား Captain များက စကားပြောနေကြပေမယ့် Wang Yibo ဟာ Colin ရဲ့ ဖျော်ဖြေမှုတစ်လျှောက် မျက်ရည်ကျနေတာကို မြင်ခဲ့ရပါတယ်။

သူ့မှာလည်း Colin နဲ့ ဆင်တူတဲ့ အတွေ့အကြုံရှိကြောင်းကို မျက်ရည်တွေကိုထိန်းထားရင်း ရှင်းပြခဲ့ပါတယ်။ သူဟာလည်း မိသားစုနဲ့ ဝေးကွာစွာ အလုပ်လုပ်နေရတာကြောင့် သူ့ရဲ့ အဘိုးကို မကြာခဏ မတွေ့ရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

Wang Yibo ဟာ သူ့အသက် (၁၃) နှစ်ကတည်းက မိသားစုနဲ့ ဝေးကွာနေပြီး အမြဲအလုပ်လုပ်နေရတာကြောင့် Henan မှာရှိတဲ့ သူ့မိသားစုကို မကြာခဏ တွေ့ဖို့လည်း ခက်ခဲလှပါတယ်။ ဒီခံစားချက်တွေက ကိုယ်ချင်းစာမှုတွေအဖြစ် ပြောင်းလဲလာခဲ့ပြီး မျက်ရည်တွေထိန်းဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။

Written : Nair Nair
Source : 38jiejie
Photos : Youku