အချောအလှနှစ်ယောက်ရဲ့ ပေါင်းဆုံးဖန်တီးမှုဖြစ်လာတော့မယ့် “Big Mouth” ဇာတ်လမ်းသစ်

မင်းသား Lee Jong Suk နဲ့ Girls’ Generation’s YoonA တို့က ဇာတ်လမ်းသစ်တစ်ခုကို အတူတွဲဖက်ရိုက်ကူးတော့မယ့်အကြောင်း တရားဝင်အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ၂၀၂၂ အတွက် tvN ဇာတ်လမ်းတွဲသစ် “Big Mouth” (literal title) မှာ အခုလိုနာမည်ကြီး အချောအလှနှစ်ယောက်ရဲ့ ပေါင်းစည်းမှုကို ကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ်။

“Big Mouth” ဇာတ်လမ်းကတော့ လူနေမှုဘဝအတွင်းက သက်စွန့်စံဖျားအလုပ်တစ်ခုဖြစ်တဲ့ ရှေ့နေအကြောင်းကို ရိုက်ကူးပြသထားပါတယ်။ အမှုလိုက်ရှေ့နေတစ်‌ယောက်ဟာ လူသတ်မှုတစ်ခုကို ကိုင်တွယ်ရပြီးနောက် အမှုနဲ့ဆက်စပ်လာတဲ့အကျိုးဆက်တွေကြောင့် မိသားစုနဲ့ ကိုယ်တိုင်လည်းရှင်သန်ဖို့အတွက် အထက်တန်းလွှာတွေကြားက လျို့ဝှက်ကြံစည်မှုတွေကို စုံစမ်းဖော်ထုတ်ရပါတော့တယ်။

မင်းသား Lee Jong Suk ကတော့ နိုင်ချေရာနှုန်း ၁၀% ကိုသာ ပိုင်ဆိုင်ထားတဲ့ ရှေ့နေ Park Chang Ho အဖြစ်သရုပ်‌ဆောင်သွားမှာပါ။ Park Chang Ho ကတော့ အပြောသာရှိပြီး အလုပ်နဲ့သက်သေမပြနိုင်တာကြောင့် “‌လေလုံးထွားသူ” အဖြစ် ရှေ့နေအသိုင်းအဝိုင်းက သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ ဒီလိုရှေ့နေမျိုးက အသက်အန္တရာယ်များလွန်းတဲ့ လူသတ်မှုတစ်ခုကိုကိုင်တွယ်ရတဲ့အခါ အဆုံးသတ်က ဘယ်လိုဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

မင်းသမီး YoonA ကတော့ Park Chang Ho ရဲ့ အမျိုးသမီးဖြစ်တဲ့ သူနာပြု Go Mi Ho အဖြစ် ပါဝင်သရုပ်‌ဆောင်သွားမှာဖြစ်ပါတယ်။ Go Min Ho ကတော့ သူ့ရဲ့ယောက်ျားကို ရှေ့နေဖြစ်အောင် ခွန်အားပေးခဲ့တဲ့ ပါရမီဖြည့်ဖက်ဖြစ်သလို ယောက်ျားရဲ့ လုပ်ရည်ကိုင်ရည်နဲ့ပတ်သက်လို့လည်း စိတ်ပျက်ခြင်းမရှိဘဲ အမြဲအားပေးပံ့ပိုးတတ်သူလေးပါ။

ဒီလိုနဲ့အမှုလိုက်ရင်း အန္တရာယ်တောထဲကို မထင်မှတ်ဘဲ ရောက်ရှိသွားတဲ့ ယောက်ျားဖြစ်သူအား ပြန်လည်အဖတ်ဆည်ဖို့အတွက် သူမကိုယ်တိုင် ပါဝင်လှုပ်ရှားရပါတော့တယ်။ လင်မယားတွေအဖြစ် သရုပ်‌ဆောင်သွားမယ့် Lee Jong Suk နဲ့ YoonA တို့ရဲ့ အတွဲညီမှုကတော့ ကြည့်ရှုသူတွေကြားမှာ ဟိုးလေးတကျော်ဖြစ်လာဦးမှာ အသေချာပါပဲ။

“Vagabond” ဇာတ်လမ်းရဲ့ ဇာတ်ညွှန်းရေးဆရာတွေဖြစ်တဲ့ Jang Young Chul နဲ့ Jung Kyung Soon တို့ကတော့ ဇာတ်လမ်းသစ် “Big Mouth” ရဲ့ ဖန်တီးရှင်တွေဖြစ်ပြီး “Hotel Del Luna” ကိုလည်း ပါဝင်ရိုက်ကူးဖူးတဲ့ Oh Choong Hwan က ဒါရိုက်တာအဖြစ် “Big Mouth” ကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ထူးထူးခြားခြား လင်မယားဖြစ်ပြီးသားစုံတွဲတွေအဖြစ် သရုပ်ဆောင်သွားမယ့် သရုပ်ဆောင်နှစ်ယောက်ကြောင့် အာရုံစိုက်ခံနေရတဲ့ “Big Mouth” ဟာ ၂၀၂၂ မှာ ပြသဖို့ စီစဉ်ထားတာလည်းဖြစ်ပါတယ်။

Source: Soompi
Photos: Soompi
Translated by Julix