ရှေးဟောင်းအချစ်ဇာတ်လမ်းမျိုးမှာ ပေါင်းဆုံရိုက်ကူးနိုင်ချေရှိနေတဲ့ Yang Zi နဲ့ Xu Kai

ဇာတ်လမ်းသစ်တွေတစ်ခုပြီးတစ်ခုရိုက်ကူးနေတဲ့ တရုတ်ထုတ်လုပ်ရေးဖက်ကတော့ Spring Banquet ဆိုတဲ့ ဝတ္ထုကိုအခြေခံပြီး ဇာတ်လမ်းသစ်တစ်ခုရိုက်ကူးတော့မှာဖြစ်ပါတယ်။ ပါဝင်ရိုက်ကူးမယ့်သရုပ်ဆောင်တွေတော့ တရားဝင်ကြေညာခြင်းမရှိသေးပေမဲ့ ထုံးစံအတိုင်း Cast Rumor (ဇာတ်လိုက်ခန့်မှန်းချက်) တွေကတော့ ထွက်ရှိလို့နေပါတယ်။

ဒီဇာတ်လမ်းသစ်မှာ ပေါင်းဆုံလာနိုင်ဖို့ သတင်းထွက်နေတဲ့သရုပ်ဆောင်နှစ်ယောက်ကတော့ ထိပ်တန်းမင်းသမီး Yang Zi နဲ့ အရှိန်ပြင်းပြင်းနဲ့နာမည်ကြီးနေတဲ့ မင်းသားချောလေး Xu Kai ပါပဲ။ Spring Banquet ကတော့ ရှေးခေတ်ကာလကို ဇာတ်အိမ်တည်ထားပြီး‌ တော်ဝင်မင်းသမီးတစ်ပါးနဲ့ စစ်သူကြီးရဲ့သားဖြစ်သူကြားက အချစ်ဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့… ခက်ထန်မောက်မာပြီး တဇွတ်ထိုးဆန်တဲ့ တော်ဝင်မင်းသမီး Huai Yu ကတော့ ပြဿနာအမြဲရှာတတ်သူဖြစ်ပြီး ဧကရာဇ်ကတောင်မှ ထိန်းမနိုင်လို့ လက်မြှောက်ထားရသူလေးပါ။ တစ်နေ့မှာတော့ စစ်သူကြီး Fu Cha ရဲ့ သားဖြစ်သူ Ming Xuan နဲ့ စတင်ဆုံတွေ့ပြီးတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် မေတ္တာသက်ဝင်ခဲ့ပါတော့တယ်။

နန်းတွင်းဆိုတာ ခြေလှမ်းတစ်ချက်မှားတာနဲ့ အသက် အာမခံမရှိတဲ့နေရာဖြစ်သလို ရှုပ်ထွေးဆန်းကြယ်မှုတွေနဲ့ အာဏာတပ်မက်မှုတွေရှိတဲ့ ဝင်္ကပါလိုပါပဲ။ ဒီလိုနဲ့ စိတ်ခြောက်ခြားစရာ အာဏာလုမှုတွေ၊ လက်သင့်မခံနိုင်လောက်တဲ့ အပြောင်းအလဲအဖြစ်အပျက်တွေကြားမှာ မေတ္တာကြိုးတွေ ပိုမိုခိုင်မြဲလာရင်း နီးစပ်လာကြတဲ့ တော်ဝင်မင်းသမီးနဲ့ သခင်လေး.. တစ်ဖက်သတ်ဆန်ပြီး ခက်ထန်တဲ့မင်းသမီးလေးကကော အချစ်နဲ့စစ်ကြားမှာ ဘယ်လိုတွေပြောင်းလဲသွားမလဲ? သူမရဲ့အခြေအနေအတိုင်းကို သခင်လေးက လက်ခံကာကွယ်နိုင်မှာလား… စသဖြင့် ဇာတ်အိမ်တည်ထားပါတယ်။

ဇာတ်လမ်းနဲ့ပတ်သက်လို့ အတိအကျထွက်ရှိလာတာမျိုးမရှိသေးပေမဲ့ မူရင်းဝတ္ထုကတော့ မြှုပ်ကွက်တွေပါတာကြောင့် စာဖတ်သူပရိသတ်တွေကြားမှာ တော်တော်ရေပန်းစားပါတယ်။ ဒါရိုက်တာကြီးကတော့ မူလအရသာမပျက်အောင် ပြန်လည်အသက်သွင်းမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

အဓိကဇာတ်လိုက်တွေအဖြစ် သတင်းထွက်နေတဲ့ Yang Zi နဲ့ Xu Kai ကလည်း ရှေးဟောင်းဇာတ်လမ်းတွဲတွေနဲ့ နာမည်ရထားသူ‌တွေချည်းဖြစ်တာကြောင့် တကယ်သာ အတည်ပြုပေါင်းစည်းရင် လူကြည့်များတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်လာဦးတော့မှာပါ။

Source: Chinesedrama
Photos: Chinesedrama
Translated by Julix