ပန်ဒါပေါက်ကနေ ငထွားလေးဖြစ်လာတာကြောင့် ပရိသတ်တွေကတောင် တားယူနေရတဲ့ Huang Zitao

EXO အဖွဲ့နဲ့ပွဲဦးထွက်ခါစ Zitao ကို မှတ်မိကြသေးရဲ့လား? မျက်ကွင်းမဲမဲလေးနဲ့ အဖွဲ့ဝင်တွေကြားမှာ သေးသေးမို့လို့ အားလုံးချစ်စနိုးနဲ့ ပန်ဒါပေါက်ဆိုပြီး နာမည်ပြောင်လေးပေးကာ အချစ်ပိုခဲ့ရတာပါ။ EXO အဖွဲ့ကနေ ထွက်ခွာပြီးနောက် တရုတ်နိုင်ငံမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရင်း ကုမ္ပဏီကြီးတစ်ခုကိုတောင် ဦးစီးနေရပြီဖြစ်တဲ့ Tao ကို အခုချိန်ထိလည်း ပန်ဒါပေါက်လေး,လို့ ခေါ်ဆိုကာ ကလေးလေးတစ်ယောက်လို မြင်နေဆဲပါ။

ပရိသတ်တွေအကြောင်း ကောင်းကောင်းသိတဲ့ Tao ကတော့ သူ့ရဲ့ထွားကျိုင်းလာမှုကြီးကို ချပြရင်း ပန်ဒါပေါက်မဟုတ်တော့ဘဲ ကြံ့ခိုင်သန်မာတဲ့ ပန်ဒါကြီးဖြစ်နေပြီဖြစ်ကြောင်း သက်သေပြလိုက်ပါတယ်။ Zitao ဟာ အရှိကိုအရှိအတိုင်း အပွင့်လင်းဆုံးပြောတတ်တဲ့ အကျင့်စရိုက်လေးကြောင့် နာမည်ကြီးသလို Live လွှင့်တိုင်း Fan တွေကို ဆုံးမဩဝါဒခြွေတတ်တာကြောင့်လည်း လူသိများလှပါတယ်။

အထူးသဖြင့် ဝိတ်ချတဲ့ပရိသတ်တွေကိုဆိုရင် အဆာခံပြီး ဝိတ်မချဖို့ တတွတ်တွတ်မှာလေ့ရှိပြီး အားကစားလုပ်ပြီး ကျန်းမာသန်စွမ်းအောင်လုပ်ဖို့ အမြဲပြောလေ့ရှိပါတယ်။ သူကိုယ်တိုင်လည်း လေ့ကျင့်ခန်းတွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေပြီး ကြွက်သားတွေထွက်နေကြောင်းကို ဩဂုတ်လ ၃၀ ရက်နေ့က ထုတ်ကြွားသွားခဲ့ပါတယ်။

လက်ပြတ်အင်္ကျီဝတ်ထားပြီး အရင်ကထက်တောင် တောင့်တင်းသန်မာနေတဲ့ လက်မောင်းကြွက်သားတွေကို ဓာတ်ပုံရိုက်ပြီး ပုံ (၂) ပုံကို “တစ်ကြိမ်စလိုက်ပြီဆိုတာနဲ့ အရင်ကပျင်းရိနေတဲ့ Tao ဆီကို ပြန်မသွားဘူး” ဆိုတဲ့ စာသားနဲ့အတူ အားလုံးမြင်အောင် တင်ပေးခဲ့ပါတယ်။

ဒါကိုလည်းမြင်ရော ပရိသတ်ပေါင်းများစွာက “Okay, Tao ရေ.. ထပ်ပြီးလေ့ကျင့်ခန်းတွေမလုပ်နဲ့တော့”, “ကြွက်သားကြီးတွေက တအားထွက်လွန်းနေပြီ”, “‌ငါကတော့ အဲ့လောက်ကြီးမလုပ်နိုင်ဘူး”, “တအားကြီး ထွားကျိုင်းနေဦးမယ်… တော်တော့နော်” စသဖြင့် လူထွားလေးကို တားယူနေရပါတော့တယ်။

Tao ကတော့ အချိန်တိုအတွင်း သူ့ရဲ့လေ့ကျင့်ခန်းလုပ်မှုရလဒ်ကို ကျေနပ်ပီတိဖြစ်နေပုံပါပဲ။ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ကျနေသရွေ့ စားချင်တာလည်း စားလို့ရကြောင်း၊ ကျန်းမာစွာစားသောက်မယ်ဆိုရင် ဝိတ်ချရတာဟာ ခက်ခဲပင်ပန်းတဲ့အရာမဟုတ်ကြောင်းပါ ပွင့်လင်းစွာပြောပြခဲ့ပြန်ပါသေးတယ်။ အချိန်တိုအတွင်း တုတ်ခဲနေတဲ့ကြွက်သားတွေထွက်အောင် လုပ်နိုင်သူ Tao ရဲ့ ဇွဲနဲ့ ကြိုးစားအားထုတ်မှုကို တကယ်လက်ဖျားခါပါတယ်။

Source: Weibo
Photos: Weibo
Translated by Julix