အမျိုးသားအနုပညာရှင်တွေနဲ့ပတ်သက်လို့ တရုတ်အစိုးရဖက်က တားမြစ်လိုက်တဲ့ သတ်မှတ်ချက်တစ်ခု

တရုတ်နိုင်ငံရဲ့ တင်းကြပ်လာတဲ့ဥပဒေ‌တွေ၊ စည်းကမ်းတွေနဲ့အညီ အနုပညာရှင်တွေလည်း အမှားမခံဘဲ မလှုပ်ရဲအောင် အဖက်ဖက်က ဂရုစိုက်နေရပါတယ်။ ဖျော်ဖြေရေးလောကထဲက ကြယ်ပွင့်တွေဖြစ်တာကြောင့် သင့်တင့်တဲ့မိတ်ကပ်အပြင်တွေ လုပ်ဆောင်ရပေမဲ့ စက်တင်ဘာ ၂ ရက်နေ့တုန်းက အသစ်ချမှတ်လိုက်တဲ့ ဥ‌ပဒေတစ်ခုကတော့ အမျိုးသားအနုပညာရှင်တွေအတွက် တော်တော် အဆင်မပြေတဲ့အခြေအနေပါပဲ။

September 2 ရက်နေ့ မနက်အစောပိုင်းမှာပဲ State Administration of Radio, Film and Television of China ဖက်ကနေ အနုပညာလောကကို စည်းစနစ်တကျဖြစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေသစ်တွေကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ဒီထဲကတစ်ခုကတော့ အမျိုးသားအနုပညာရှင်တွေအနေနဲ့ အလွန်အကျူးမိတ်ကပ်လိမ်းခြယ်တာမျိုး၊ ပြင်ဆင်တာမျိုးကို မပြုလုပ်ဘဲ သဘာဝမျက်နှာမျိုးနဲ့သာ အများရှေ့မှာ နေထိုင်ရမယ်ဆိုပြီး ထိန်းချုပ်ချက်တွေနဲ့ ဥပဒေထုတ်ခဲ့တာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အာဏာပိုင်တွေက အနုပညာရှင်တွေရဲ့ပြောင်းလဲလာတဲ့အပြင်အဆင်တွေ၊ ဝတ်စားဆင်ယင်မှုတွေကို ထောက်ပြခဲ့ကြပြီး အထူးသဖြင့် အမျိုးသားအနုပညာရှင်တွေနဲ့ ဆံပင်ဆေး‌ဆိုးခြင်း၊ သိသာအောင် မိတ်ကပ်လိမ်းခြယ်ထားခြင်း၊ မိန်းမနဲ့တူလောက်အောင် ပြင်ဆင်ခြယ်သခြင်းတွေကို အဓိကထား ဝေဖန်ခဲ့ကြတာပါ။ ခေတ်စနစ်ပြောင်းလာတာနဲ့အမျှ ပြောင်းလဲလာတဲ့အလှအပအပြင်အဆင်မျိုးကို တရုတ်အစိုးရပိုင်း အာဏာပိုင်တွေက မျက်စိထောင့်နေပုံပါပဲ။

ဒါ့ကြောင့်လည်း လူအများကြည့်ရှုတဲ့ ရုပ်သံထုတ်လွှင့်ပိုင်းတွေမှာ မိန်းမဆန်တဲ့အပြင်အဆင်ရှိနေတဲ့ အမျိုးသားအနုပညာရှင်တွေကို ပြသခွင့်ပိတ်ထားကာ အနုပညာလောကကို တည့်မတ်သွားမယ့်အကြောင်းပါ အသိပေးခဲ့ကြပါတယ်။ ဒီလိုမျိုး ဥပဒေသစ်ထွက်လာခဲ့တဲ့အခါမ‌ှာ Weibo တခွင် အများအပြားဆွေးနွေးခဲ့ကြပါတယ်။

များစွာသော တရုတ်နိုင်ငံသားတွေကတော့ ဒီဥပဒေက ဖြစ်သင့်ကြောင်း ထောက်ခံခဲ့ကြပါတယ်။ အမျိုးသားအနုပညာရှင်တွေအနေနဲ့ ယောက်ျားတွေဖြစ်ပေမဲ့ မိတ်ကပ်တွေလိမ်းပြီး လူအများရှေ့မှောက်မှာ သွားလာနေထိုင်တာမျိုးက မဖြစ်သင့်ကြောင်း၊ လူငယ်တွေအနေနဲ့ အတုခိုးမှားနိုင်ကြောင်း.. ဒါ့ကြောင့် ဒီလိုဥပဒေကသာ မှန်ကန်တဲ့လမ်းကြောင်းကို ပြန်လည်ရောက်ရှိစေနိုင်မှာဖြစ်ကြောင်း ပြောဆိုထောက်ခံခဲ့ကြပါတယ်။

တချို့ကတော့ တိုးတက်နေတဲ့ခေတ်ကြီးမှာနေပြီး ဒီလိုမျိုးတွေအထိ လိုက်လံထိန်းချုပ်နေတာမျိုး မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်စေ.. ဥပဒေကတော့ တရားဝင်ထွက်လာပြီးပြီဖြစ်လို့ အမျိုးသားအနုပညာရှင်တွေအနေနဲ့ ရှေ့လျှောက်ပြီး ထိန်းချုပ်နေထိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Source: Weibo
Photos: Weibo
Translated by Julix