Celebrity News

ထူးချွန်တဲ့သရုပ်​​ဆောင်စွမ်းရည်​ကြောင့် Hollywood အထိ ​ခြေဆန့်နိုင်ခဲ့တဲ့ ကိုရီးယားအနုပညာရှင်များ

ကိုရီးယားအနုပညာနဲ့ ယဉ်​ကျေးမှုဟာ တစ်နှစ်ထက်တစ်နှစ် ကမ္ဘာ​ပေါ်မှာ ​နေရာပိုယူလာပြီး လွှမ်းမိုးမှုလည်း ပိုကြီးလာတာကို အားလုံးသတိထားမိကြမှာပါ။ အနုပညာဆိုတဲ့အထဲမှာ “K-Pop”, “K-drama”, “K-movies” စသဖြင့် အမျိုးအစားစုံပါဝင်ပြီး အရည်အ​သွေးကလည်း တစ်စထက်တစ်စပို​ကောင်းလာပါတယ်။

အထူးသဖြင့် “Train to Busan”, “Parasite”, “Minari”, “Space Sweeper” ရုပ်ရှင်ကား​တွေဟာ ​ဟောလီးဝုဒ်က ပညာရှင်​တွေရဲ့ အာရုံစိုက်မှုကိုရရှိခဲ့ပြီး တချို့ K-movie ​တွေကို ​ဟောလီးဝုဒ်ကပြန်ရိုက်လာတာမျိုးထိဖြစ်လာပါတယ်။

ဒါ့အပြင် နာမည်ကြီး ကိုရီးယားသရုပ်​ဆောင်​တွေကို ​ဟောလီးဝုဒ်ရုပ်ရှင်​တွေမှာ ပါဝင်ဖို့ ကမ်းလှမ်းလာကြပါတယ်။ အခု​ဖော်ပြ​ပေးချင်တာက​တော့ အဲ့လိုမျိုး ​ဟောလီးဝုဒ်အထိ ​ခြေဆန့်နိုင်ခဲ့တဲ့ နာမည်​ကြီး ကိုရီးယားအနုပညာရှင် ၉ ဦးဖြစ်ပါတယ်။

1. Bae Doo Na

ဝါရင့်မင်းသမီး Bae Doo Na က​တော့ Netflix ရဲ့ “Kingdom” ဇာတ်လမ်းတွဲထဲက Seo-bi အဖြစ် လူသိမများခင် ၂၀၁၂ ခုနှစ်တည်းက Tom Hanks, Halle Berry တို့နဲ့အတူ စိတ်ကူးယဉ်သိပ္ပံဇာတ်ကား “Cloud Atlas” မှာ ပါဝင်သရုပ်​ဆောင်ခဲ့ဖူးပါတယ်။

ဒီဇာတ်ကား​ကြောင့် သူမဟာ ပို​အောင်မြင်လာခဲ့ပြီး Louis Vuitton ရဲ့ ambassador အဖြစ်​တောင် ခန့်အပ်ခံခဲ့ရပါတယ်။ ထိုစဉ်ကစပြီး “Jupiter Ascending”, “Sense8” နဲ့ တခြား​ဟောလီးဝုဒ်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပါတယ်။

2. Rain

Rain ဟာ K-Pop ​လောကရဲ့ အ​ကျော်​​ဇေယျတစ်​ယောက်ဖြစ်သလို ​ဟောလီးဝုဒ်အထိ ​ခြေဆန့်နိုင်ခဲ့တဲ့ သရုပ်​ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ။ သူဟာ ၂၀၀၈ ခုနှစ်က “Speed Racer” ရုပ်ရှင်ကားမှာ ပြိုင်ကား​မောင်းသူအသစ်​လေးအ​နေနဲ့ ပါဝင်ပြီး ​ဟောလီးဝုဒ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။ အဲ့ဒီ​နောက် ၂၀၀၉ ခုနှစ်မှာ “Ninja Assassin” ဇာတ်ကားမှာ Raizen ဆိုတဲ့ဇာတ်​ကောင်အဖြစ် သရုပ်​ဆောင်ခဲ့ပါတယ်။

3. Lee Byung Hun

စွယ်စုံရမင်းသားကြီး Lee Byung Hun က​တော့ သူ့ရဲ့ Storm Shadow ဇာတ်​ကောင်နဲ့ ​ဟောလီးဝုဒ်​လောကမှာ လူသိများလာခဲ့ပါတယ်။ အဲ့ဒါမတိုင်ခင်ကလည်း “The Good, the Bad, the Weird”, “Red 2” ရုပ်ရှင်ကားကြီး​တွေမှာ ပါဝင်ခဲ့ပါတယ်။

ဒီလို သူ့ရဲ့ ​အောင်မြင်မှု​ကြောင့် ၈၈ ကြိမ်​မြောက် အကယ်ဒမီဆု​ပေးပွဲကြီးမှာ တင်ဆက်သူအဖြစ် ​ဆောင်ရွက်ခွင့်ကိုလည်း ရရှိခဲ့ပါတယ်။ ​သူဟာ ​ဟောလီးဝုဒ်မှာရှိတဲ့ အထင်ကရဖြစ်တဲ့ Grauman’s Chinese Theatre မှာ လက်ပုံတူကို ထွင်းထု​မှတ်တမ်းတင်ခွင့်ရတဲ့ ပထမဆုံး ကိုရီးယားမင်းသားလည်းဖြစ်ပါတယ်။

4. Jun Ji Hyun

အနုပညာသက်တမ်း နှစ် ၂၀ ​ကျော်ရှိပြီဖြစ်တဲ့ မင်းသမီး Jun Ji Hyun က​တော့ နာမည်ကြီး ကိုရီးယားဇာတ်လမ်း​နဲ့ ရုပ်ရှင်များစွာကို ရိုက်ကူးခဲ့ပြီး လက်ရှိ ကိုရီးယားမှာ အနုပညာ​ကြေးအမြင့်ဆုံး သရုပ်​ဆောင်ဖြစ်ပါတယ်။ သူမဟာ ၂၀၀၉ ခုနှစ်က “Blood: The Last Vampire” ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားနဲ့ ​ဟောလီးဝုဒ်​မြေကို နင်းနိုင်ခဲ့ပါတယ်။

ဒီဇာတ်ကားဟာ သူမကို အ​နောက်တိုင်းအနုပညာ​လောကမှာ လူသိများ​စေခဲ့ပြီး Gianna Jun ဆိုတဲ့ အင်္ဂလိပ်နာမည်ကို​တောင် ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နှစ်ကြာပြီး​နောက် “Snow Flower and the Secret Fan” ဆိုတဲ့ဇာတ်ကားမှာ စူပါစတား Hugh Jackman နဲ့အတူ တွဲဖက်ရိုက်ကူးခဲ့ပါ​​သေးတယ်။

5. Lee Chae Rin

CL လို့ လူသိများတဲ့ Lee Chae Rin ဟာ 2NE1 အဖွဲ့ဝင်​ဟောင်းတစ်​ယောက်ဖြစ်ပါတယ်။ သူမဟာ အခုအချိန်မှာ​တော့ solo artist အ​နေနဲ့ လှုပ်ရှားမှု​တွေပြုလုပ်​နေပြီး အ​နောက်တိုင်း အနုပညာ​လောကမှာလည်း အ​တော်​လေးလူကြိုက်များပြီး ​အောင်မြင်တဲ့သူတစ်​ယောက်ပါ။

ဒီလို ဂီတ​လောကမှာ သျှမ်းသျှမ်း​တောက်​အောင်မြင်​နေတဲ့ Lee Chae Rin ဟာ ၂၀၁၈ ခုနှစ်က အကယ်ဒမီဆုရှင် Mark Wahlberg ရိုက်ကူးတဲ့ “Mile 22” ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်​ဆောင်ခဲ့ပါ​သေးတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ်က “Dave Season 2” ဇာတ်လမ်းတွဲမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။

6. Lee Joon Gi

မင်းသား Lee Joon Gi က​တော့ ဇာတ်လမ်းတွဲ​ပေါင်းများစွာကို ရိုက်ကူးခဲ့ဖူးပြီး အက်ရှင်ဇာတ်ဝင်ခန်း​တွေကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ပရိသတ်အချစ်​တော် မင်းသားတစ်ဦးပါ။ ဒီလို သူ့ရဲ့ ​ပြောင်​မြောက်တဲ့ သရုပ်​ဆောင်စွမ်းရည်​ကို ​ဟောလီးဝုဒ်ကပါ အသိအမှတ်ပြုခဲ့ပါတယ်။

သူဟာ နာမည်​ကျော် “Resident Evil” ရဲ့ ဇာတ်သိမ်းပိုင်းမှာ Agent Lee အဖြစ် သရုပ်​ဆောင်ခွင့်ရခဲ့တာပါ။ “Resident Evil” ဇာတ်ကားရဲ့ ဒါရိုက်တာက YouTube မှာ Lee Joon Gi ရဲ့ ပြင်းထန်တဲ့ အမိုက်စားစတန့်​တွေကို ​တွေ့ပြီး သူ့ကို casting လုပ်ခဲ့တာဖြစ်ပါတယ်။ မင်းသမီး Milla Jovovich က​လည်း သူ့ရဲ့ အရည်အချင်းကို အမြဲတ​စေချီးကျူးခဲ့ပြီး ​ဟောလီးဝုဒ်သရုပ်​ဆောင်အချို့မှာ မရှိတဲ့ ကိုယ်ပိုင်ဟန်ရှိတယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

7. Kang Dong Won

​နောက်ထပ်တစ်ဦးက​တော့ “Train to Busan”, “Peninsula” ဇာတ်ကား​တွေကို ရိုက်ကူးခဲ့တဲ့ မင်းသား Kang Dong Won ပဲဖြစ်ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်က “Tsunami LA” ဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

ဒီဇာတ်ကားက​တော့ နာမည်အတိုင်း Los Angeles မြို့ကို ဝါးမြိုနိုင်​လောက်တဲ့ ဆူနာမီ​ဘေးအန္တရာယ်ကို ကြုံ​တွေ့ရတဲ့အ​ကြောင်းကို ရိုက်ကူးပုံ​ဖော်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင်ကားဖြစ်ပါတယ်။ သို့​​သော်လည်း ကိုဗစ်ကပ်​ရောဂါ​ကြောင့် ဇာတ်ကားရိုက်ကူးရေးက​​ နှောင့်​နှေးကြန့်ကြာ​လျက်ရှိနေပါတယ်။

8. Ma Dong Seok

မင်းသားကြီး Ma Dong Seok က​တော့ “Train to Busan” အပါအဝင် ရုပ်ရှင်ကား​ပေါင်း ၄၀ ​​ကျော်ကို ရိုက်ကူးခဲ့ဖူးပြီး ယခုနှစ် နိုဝင်ဘာလမှာ ရုံတင်ပြသသွားမယ့် Marvel ရဲ့ “The Eternals” ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်​​ဆောင်ကာ ​ဟောလီးဝုဒ်အထိ ​ခြေဆန့်နိုင်ခဲ့ပါတယ်။

ဒီဇာတ်ကားကြီးမှာ Angelina Jolie, Millie Bobby Brown နဲ့ Kit Harrington တို့လို ကမ္ဘာ​ကျော်သရုပ်​ဆောင်​တွေလည်း ပါဝင်ပါတယ်။ Ma Dong Seok ဟာ သူ့ရဲ့ သရုပ်​ဆောင်စွမ်းရည်တင်မကပဲ ပုံပန်းသွင်ပြင်​ကြောင့်ပါ ​ဟောလီးဝုဒ်က မျက်စိကျခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ကြီးမားကြံ့ခိုင်တဲ့ ခန္ဓါကိုယ်​ကြောင့် Dwayne “The Rock” Johnson နဲ့ တူတယ်လို့​တောင် နှိုင်းယှဉ်ခံရပါတယ်။

9. Park Seo Joon

​ပရိသတ်အချစ်​တော် မင်းသား Park Seo Joon “What’s Wrong With Secretary Kim”, “Itaewon Class” ဇာတ်လမ်းတွဲ​တွေနဲ့ ​​အောင်မြင်​ကျော်ကြားလာပြီး ​ဟောလီးဝုဒ်ရဲ့ အာရုံစိုက်မှုကိုပါ ရရှိခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက “Captain Marvel 2 : The Marvels” ဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပြီး စက်တင်ဘာလ ၃ ရက်​နေ့မှာ ​လော့စ်အိဂျလိစ်၊ ကယ်လီဖိုးနီယားကို ရိုက်ကူး​ရေးလုပ်ဖို့ ထွက်ခွာသွားခဲ့ပါတယ်။ အခုအချိန်မှာ​တော့ ရိုက်ကူး​ရေး​တွေကို ​လုပ်​ဆောင်​နေပြီဖြစ်ကာ ဒီရုပ်ရှင်ကားကြီးကို လာမယ့် ၂၀၂၂ ခုနှစ် ​နိုဝင်ဘာလမှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

Source : preview.ph
Photo : preview.ph
Written : ZL