Celebrity News

၇၆ ကြိမ်​မြောက် UN အ​ထွေ​ထွေညီလာခံမှာ လူငယ်​တွေအတွက် အား​​ပေးစကား​ပြောကြားခဲ့တဲ့ BTS

စက်တင်ဘာလ ၂၀ ရက်​နေ့မှာ BTS အဖွဲ့နဲ့ ​တောင်ကိုရီးယားသမ္မတ Moon Jae In တို့ဟာ ၇၆ ကြိမ်​မြောက် UN အ​ထွေ​ထွေညီလာခံကို တက်​ရောက်ခဲ့ပြီး Sustainable Development Goals Moment (SDG Moment) နဲ့ ပတ်သက်ပြီး မိန့်ခွန်း​ပြောကြားခဲ့ပါတယ်။

ဒါဟာ သမ္မတ Moon Jae In က BTS အဖွဲ့ကို အထူးသံတမန်အဖြစ် တရားဝင်ခန့်အပ်ပြီး​နောက် ပထမဆုံးတက်​ရောက်ရတဲ့ ပွဲလည်းဖြစ်ပါတယ်။ အဲ့ဒီညီလာခံမှာ BTS အဖွဲ့ဝင်​တွေဟာ ကိုဗစ် ၁၉ ကပ်​​ရောဂါနဲ့အတူ ဘဝကိုဖြတ်သန်း​နေရတဲ့ လူငယ်​တွေရဲ့ အမြင်နဲ့ အနာဂတ်အတွက် အား​ပေးစကား​တွေကို ​ပြောကြားခဲ့ပါတယ်။

အရင်ဆုံး RM က ဒီ​နေရာကို အနာဂတ်မျိုးဆက်​​တွေရဲ့ အ​ကြောင်းအရာ​တွေကို မျှ​ဝေဖို့ ​ရောက်လာခဲ့တာဖြစ်ပြီး ဒီကိုမလာခင်မှာလည်း ဆယ်​ကျော်သက်နဲ့ ၂၀ ​ကျော် လူငယ်​တွေကို လွန်ခဲ့တဲ့ ၂ နှစ်နဲ့ အခုလက်ရှိ ​နေထိုင်မှုပုံစံ​တွေကို ​မေးမြန်းခဲ့​ကြောင်း ​ပြောကြားခဲ့ပါတယ်။  Jin က​လည်း လွန်ခဲ့တဲ့ ၂ နှစ်မှာ အားလုံး စိတ်ရှုပ်​ထွေးပြီး ဒုက္ခရောက်ခဲ့ကြရ​ပေမဲ့ အခုအချိန်မှာ အ​ကောင်းဆုံး ကြိုးစားရှင်သန်ရမှာဖြစ်တယ်လို့ အား​​ပေးခဲ့ပါတယ်။

အဲ့ဒီ​နောက် Jimin ကလည်း “ကျွန်​တော်တို့အားလုံး ဒီ​နေရာမှာပဲရပ်​နေလို့မဖြစ်ဘူး။ ကျွန်​တော်တို့မှာ အပြစ်တင်စရာလူလည်း ရှိမ​နေဘူး။ ကျွန်​တော်တို့က မ​နေ့ကအတိုင်းပဲ။ ဒါ​ပေမဲ့ parallel world ထဲ​ရောက်သွားသလို ကမ္ဘာကြီးက​တော့ ရုတ်ချည်း ​ပြောင်းလဲသွားခဲ့တယ်” ဆိုပြီး ​သူ့ရဲ့ခံစားချက်ကို မျှ​ဝေခဲ့ပါတယ်။

Jungkook က​တော့ တက္ကသိုလ်ဝင်ခွင့်​စာ​မေးပွဲတွေ၊ ဘွဲ့နှင်းသဘင်တွေ ဖျက်သိမ်းလိုက်ရ​ကြောင်း သတင်း​တွေကြားရတဲ့အခါမှာ အရမ်းကို ဝမ်းနည်းမိပြီး သူတို့ဆိုရင်လည်း အချိန်အကြာကြီး ပြင်ဆင်ခဲ့ရတဲ့ concert tour ကို ဖျက်သိမ်းခဲ့ရတဲ့အတွက် စိတ်ပျက်မိတယ်လို့ ​ပြောပြခဲ့ပါတယ်။

မိန့်ခွန်း​ပြောကြား​နေတဲ့အချိန်အတွင်းမှာပဲ ဆိုရှယ်မီဒီယာမှာ ပြုလုပ်ခဲ့တဲ့ BTS ရဲ့ YouthToday campaign က ဓါတ်ပုံ​တွေကို ပြသခဲ့ပြီး “လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ သဘာဝတရားကြီးနဲ့ ထိ​တွေ့ခွင့်ရတဲ့အချိန်​တွေဟာ ပိုပြီး ထူးခြားလာတယ်” လို့ Jimin က ​ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး V ကလည်း “ကျွန်​တော်တို့မှာ ကမ္ဘာကြီးအတွက် စိတ်ပူ​ပေးပြီး အ​ဖြေရှာ​ပေး​နေတဲ့သူ​တွေရှိတဲ့အတွက် အနာဂတ်ကို ​မှောင်မိုက်တဲ့အရာတစ်ခုအဖြစ် မမြင်​စေချင်ဘူး။ ကျွန်​တော်တို့မှာ ဘဝစာမျက်နှာ​တွေ ကျန်​နေပါ​သေးတယ်။ ဒါ​ကြောင့် အဆုံးသတ်ကို ကြိုတင်​ရေးထားပြီးသလိုမျိုး မ​ပြောသင့်ပါဘူး” လို့ ဆိုပါတယ်။

“တစ်ခါတစ်ရံမှာ ကျွန်​​တော်တို့က သွားဖို့အဆင်သင့်ဖြစ်​နေပြီဆို ကမ္ဘာကြီးက ရပ်တန့်​နေသလိုပဲ။ တစ်ခါတစ်ရံမှာ ​သင်ဟာ လမ်း​ပျောက်​နေသလို ခံစားရလိမ့်မယ်၊ ကျွန်​တော်တို့လည်း အဲ့လိုခံစားရတဲ့အချိန်​တွေရှိပါတယ်” ဆိုပြီး​တော့လည်း Jungkook က အား​ပေးစကား ​ဆိုခဲ့ပါတယ်။

အဲ့ဒီ​နောက် RM က ယ​နေ့​ခေတ်မျိုးဆက်​တွေဟာ အခွင့်အလမ်း​တွေ၊ အနာဂတ်​တွေ​ပျောက်ဆုံး​နေတဲ့အတွက် ‘COVID lost generation’ လို့ ​ခေါ်ဆို​ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။ ဒါ​ပေမဲ့ အွန်လိုင်းက​နေ သူငယ်ချင်းအသစ်​​တွေကို ​တွေ့ဆုံကာ အသစ်အသစ်​သောအရာ​တွေကို ​လေ့လာနိုင်ပြီး ကျန်းမာ​ရေးကို ပိုအ​လေး​ပေးလာ​တာ​ကြောင့် ​ပျောက်ဆုံး​နေတယ်လို့မမြင်သင့်ပဲ ခွန်အားအသစ်နဲ့ စိန်​ခေါ်မှုအသစ်​တွေကို ရှာ​တွေ့လာတယ်လို့ မြင်သင့်​ကြောင်း Jimin က​ပြောကြားခဲ့ပါတယ်။

ဒါ​ကြောင့် ‘lost generation’ လို့ ​ခေါ်မယ့်အစား ‘welcome generation’ လို့ ​ခေါ်တာက ပိုသင့်​​တော်ပြီး ​ပြောင်းလဲမှု​တွေကို ​ကြောက်ရွံ့​နေမယ့်အစား ယခုမျိုးဆက်​တွေဟာ အနာဂတ်က စိန်​ခေါ်မှုအသစ်​တွေကို ကြိုဆို​နေတာဖြစ်တယ်ဆိုပြီး Jin က သူ့ရဲ့အမြင်ကို ​ပြောပြခဲ့ပါတယ်။

ဖြစ်နိုင်​ခြေနဲ့ ​မျှော်လင့်ချက်ကိုသာ ယုံကြည်​နေမယ်ဆို လမ်း​ပျောက်မှာမဟုတ်ပဲ လမ်းအသစ်​တွေကို ရှာ​တွေ့​နေမှာဖြစ်ပြီး ပြီးပြည့်စုံတဲ့ ​ရွေးချယ်မှု​တွေကို အမြဲတမ်းမလုပ်​ဆောင်နိုင်​ပေမဲ့ ဒါဟာ လုပ်နိုင်တာဘာမှမရှိဘူးလို့ ဆိုလိုတာမဟုတ်​ကြောင်းလည်း RM နဲ့ Suga က​ ပြောကြားခဲ့ပါတယ်။

BTS အဖွဲ့ဝင်အားလုံး ဒီကိုမလာခင်မှာ ကာကွယ်​ဆေးထိုးခဲ့ပြီးဖြစ်​ကြောင်းကိုလည်း ထုတ်​ဖော်​ပြောကြားခဲ့ပါ​သေးတယ်။ “ကာကွယ်​ဆေးထိုးတာဟာ ကျွန်​တော်တို့ရဲ့ပရိသတ်​တွေနဲ့ ​တွေ့ဆုံခွင့်ရဖို့နဲ့ ဒီ​နေ့ဒီ​နေရာ ရပ်ပြီး စကား​ပြောခွင့်ရဖို့ လက်မှတ်တစ်ခုလိုဖြစ်ပါတယ်။ ကျွန်​တော်တို့​ပြောခဲ့သလိုပဲ အခုလက်ရှိ ကျွန်​တော်တို့လုပ်နိုင်တာမှန်သမျှကို လုပ်​ဆောင်​နေပါတယ်” လို့လည်း RM က ​ရှင်းပြခဲ့ပါတယ်။

V က​တော့ ကာကွယ်​​ဆေးလိုပဲ လူ​တွေဟာ အရှိကို အရှိအတိုင်း လက်ခံပြီး ​ရှေ့ဆက်သွားဖို့ ကြိုးစား​နေတာ​ကြောင့် ပရိသတ်​တွေနဲ့ မျက်နှာချင်းဆိုင်​တွေ့ရမယ့်​နေ့ကလည်း မ​ဝေး​တော့ဘူးဆိုတာ ယုံကြည်​ကြောင်း၊ ဒါ​ကြောင့် ​ထို​နေ့မ​ရောက်ခင်အထိ နေ့တိုင်းကို ​ကောင်းမွန်တဲ့အင်အားနဲ့ ဖြတ်သန်းရမှာဖြစ်​ကြောင်း မှာကြားခဲ့ပါတယ်။

​နောက်ဆုံးအ​နေနဲ့ RM က “ကျွန်​တော်တို့က ကမ္ဘာကြီး ရပ်တန့်သွားပြီလို့ ထင်​နေ​ပေမဲ့ ကမ္ဘာကြီးက ဆက်သွား​​နေပါတယ်။ ​ရွေးချယ်မှုတိုင်းဟာ ​ပြောင်းလဲမှုအတွက်အစဖြစ်ပြီး အဆုံးမဟုတ်ဘူးလို့ ယုံကြည်​ပါတယ်။

ဒီလိုကမ္ဘာအသစ်ကြီးမှာ ကျွန်​တော်တို့တစ်​ယောက်ကိုတစ်​ယောက် ​ပြောနိုင်တာက​တော့ ‘ကြိုဆိုပါတယ်’ ဆိုတာပဲဖြစ်ပါတယ်” လို့ ​ပြောကြားပြီး မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။ မိန့်ခွန်း​ပြောကြားပြီး​နောက်မှာ​တော့ UN ရုံးအ​ဆောက်အအုံအတွင်းမှာ ရိုက်ကူးထားတဲ့ “Permission to Dance” performance video ကို ပြသခဲ့ပါတယ်။

Source : Soompi
Photo : Twitter
Written : ZL