Celebrity News

‘The Penthouse’ ထဲက ဇာတ်ဝင်ခန်းတစ်ခုက ဆိုးရွားလွန်းလို့ အိပ်မက်ဆိုးမက်ခဲ့ရရှာတဲ့ Kim So Yeon

‘The Penthouse: War in Life’ ဇာတ်လမ်းကတော့ စပြကတည်းက ပဟေဠိပေါင်းများစွာနဲ့ ကြည့်နေသူအပေါင်းကို လောင်မြိုက်စေခဲ့တဲ့ ဇာတ်လမ်းတွဲပါပဲ။ တစ်ပိုင်းနဲ့တစ်ပိုင်း အတွေးများရသလို ဆွေမျိုးတော်စပ်ပုံတွေနဲ့ သေရွာပြန်ဇာတ်ကောင်တွေကြောင့် တော်တော်ဇွဲရှိမှ ကြည့်နိုင်မယ့်ကားမျိုးပါ။

ဒီကားထဲက တချို့ဇာတ်ဝင်ခန်းတွေကတော့ သွေးထွက်သံယိုနဲ့ လန့်စရာကောင်းလှပါတယ်။ ဒါကိုတော့ ကြည့်ရှုသူတွေတင်မကဘဲ ဇာတ်လိုက်မင်းသမီး Kim So Yeon ကိုယ်တိုင်ကို စိတ်စွဲပြီး အိပ်မက်ဆိုးမက်ခဲ့ရတဲ့အထိပါပဲ။

ဇာတ်လမ်းပြသပြီးစီးသွားတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ Kim So Yeon ဟာ ‘The Penthouse: War in Life’ နဲ့ပတ်သက်လို့ ထွေရာလေးပါး ပြောဆိုခဲ့ပါတယ်။ အင်တာဗျူးမှာပဲ သူမအတွက် အခက်ခဲဆုံးဖြစ်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုကို Kim So Yeon က ထုတ်ပြောပြခဲ့တာပါ။

“နတ်ဆိုးတစ်ကောင်လို ရက်စက်တဲ့ Chun Seo-jin အတွက် ဗီလိန်အဆန်ဆုံး တော်တော်ဆိုးရွားတဲ့ပုံစံတွေကိုပြသရင်း အခန်းတွေအများကြီးရိုက်ခဲ့ရတယ်။ ရိုက်ကူးနေရင်းနဲ့ ကိုယ့်ကိုကိုယ် ဈာန်ဝင်လာအောင် စိတ်သွင်းထားရသေးတယ်။

Chun Seo-jin အနေနဲ့ လုပ်ရတဲ့ကိစ္စတွေက သူလုပ်သင့်လို့ လုပ်ရတာတွေချည်းပဲ.. အဲ့ဇာတ်ကောင်သာ တကယ့်လူအစစ်ဆိုရင်လည်း သူ့ကိုယ်သူ အဲ့လိုခံယူနေမှာ။ ဘယ်လိုပဲ ‌ဇာတ်ကောင်ထဲက ခွဲထွက်ပါစေ အသိစိတ်ထဲ အမြဲတိုးဝင်နေတဲ့ ဇာတ်ဝင်ခန်းရှိတယ်။

Chun Seo-jin က Oh Yoon-hee ကို တောင်စွန်းကနေ တွန်းချလိုက်တဲ့အခန်းလေ။ သတိမေ့နေတဲ့ အွန်းဗြောကို ကယ်ဖို့ကြိုးစားခဲ့တဲ့ Oh Yoon-hee ကို သေအောင်လုပ်ခဲ့တဲ့အခန်းပေါ့။ အဲ့အခန်းက စစချင်း ဇာတ်ညွှန်းဖတ်တုန်းကကိုပဲ ဇာတ်လမ်းပြပြီးရင်တော့ Chun Seo-jin ကို တော်တော်မုန်းမိမှာပဲ ဆိုပြီး ကိုယ်ကို‌ကိုယ်တောင် ပြောလိုက်သေးတယ်။

အဲ့အခန်းလည်းရိုက်ကူးပြီးရော စိတ်တော်တော်ထိခိုက်သွားတာ။ ဒါကြီးကို စိတ်စွဲပြီး ဖိအားတွေများလာတော့ အိပ်မက်ဆိုးတွေတောင် မက်တယ်။ အဲ့အပိုင်းမပြခင် တစ်ရက်အလိုမှာပဲ Eugene ဆီကိုတောင် စာပို့မိသေးတယ်။ Chun Seo-jin Oh Yoon-hee ကို ဒီလိုလုပ်ပစ်တာ တော်တော်ဆိုးတာပဲ ဆိုပြီးတော့ပေါ့” လို့ပြောရင်း သူမအခက်အခဲတွေကို ပြောပြသွားခဲ့ပါတယ်။

October 2020 မှာ စတင်ပြခဲ့တဲ့ ‘The Penthouse: War in Life’ ကတော့ ပြသပြီးစီးချိန်မှာ Rating 19.1% ရရှိခဲ့ကာ တော်တော်အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို ဆွဲခေါ်သွားခဲ့တဲ့ Kim So Yeon ကိုယ်တိုင်လည်း စိတ်နှစ်ထားခဲ့လွန်းရှာတော့ သွေးလေခြောက်ခြားကာ အိပ်မက်ဆိုးမက်ယူရတဲ့အထိကို ကြိုးစားခဲ့ရရှာပါတော့တယ်။

Source: SBSstar
Photos: SBSstar
Translated by Julix