Celebrity News

“Keep Running” ကနေ ထုတ်ပစ်ဖယ်ရှားခံလိုက်ရတဲ့ Lucas Wong နဲ့ Cai Xukun

ကျုံးကော်က လူသိများတဲ့ variety show တစ်ခုဖြစ်တဲ့ Keep Running ဟာ ၂၀၁၄ ကတည်းက ထုတ်လွှင့်ပြသလာတာဆိုတော့ တော်တော်ကြာပါပြီ။ ဇူလိုင်လကတည်းက ၉ ခုမြောက် season ကို ပြသခဲ့ပြီး ပရိသတ်တွေကြိုက်တဲ့ အစီအစဉ်ပါပဲ။

ပါဝင်တဲ့အဖွဲ့သားတွေကို မကြာခဏပြောင်းလဲပေမဲ့လည်း ကြည့်ရှုသူ‌တွေက သစ္စာရှိရှိကို အားပေးနေကြတာပါ။ Yellow River series အတွက် ဒုတိယမြောက် Season မှာ ပါဝင်မယ့်သူတွေကို ပြသရာမှာတော့ အမြဲတမ်းအဖွဲ့ဝင် Lucas Wong နဲ့ Cai Xukun တို့ ပါဝင်လာခြင်းမရှိပါဘူး။

ထုတ်လုပ်ရိုက်ကူးရေးဖက်က Keep Running နဲ့ပတ်သက်လို့ ကြေညာပေးခဲ့ပါတယ်။ အခုတစ်ခါမှာတော့ Jinan, Shandong ကို September 25 ရက်နေ့မှာ သွားရောက်ရိုက်ကူးမှာပါ။

မူလအဖွဲ့ဝင်တွေဖြစ်တဲ့ Angelababy, Li Chen, Zheng Kai, ၂၀၁၉ ကမှ ပါဝင်လာခဲ့တဲ့ (G)I-dle အဖွဲ့ဝင် Song Yuqi နဲ့ Season 8 တုန်းက ပါဝင်ခဲ့သူ Yi Sha တို့က ဒီအပိုင်းသစ်မှာ ထပ်မံပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း Lucas နဲ့ Cai Xukun ကတော့ ပါဝင့်မယ့်သူစာရင်းထဲမှာ လုံးဝပေါ်မလာတာကြောင့် ထုတ်ပစ်ခံလိုက်ရတာဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။

ဩဂုတ်လတုန်းက Lucas နဲ့ပတ်သက်တဲ့ ကောလဟာလအရှုပ်တော်ပုံသတင်းတွေ ပြန့်လာခဲ့တာကြောင့် Lucas ကိုယ်တိုင် အနုပညာအလုပ်တွေကို ခေတ္တနားကာ အတိတ်ကလုပ်ရပ်တွေအတွက် ပြန်လည်သုံးသပ်မယ့်အကြောင်း တောင်းပန်စာ ထုတ်ခဲ့ရပါတယ်။  ဒါ့ကြောင့်မို့လို့ Lucas ဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် Keep Running ကနေထွက်သွားရတာ ဖြစ်နိုင်ပေမဲ့ Cai Xukun နဲ့ပတ်သက်လို့ ခေါင်းစားစရာပါပဲ။

ပရိသတ်တွေရဲ့ မှန်းဆချက်တွေကတော့ Cai Xukun ဟာ “မိန်းမဆန်စွာ” ဆံပင်ဆေးဆိုးခြင်း၊ မိတ်ကပ်လိမ်းခြယ်ခြင်းတွေ ရှိတယ်ဆိုပြီး အာဏာပိုင်အဖွဲ့အစည်းကိုယ်တိုင်က ဖော်ပြဖူးတာကြောင့် ဒီလိုပုံစံရှိနေတဲ့အတွက် ဖယ်ရှားခံလိုက်ရတာဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။ ဒါ့အပြင် Kun ဟာ အချိန်အစီအစဉ်နဲ့ပတ်သက်လို့ အဆင်မပြေမှုတွေရှိနေတာကြောင့်ပဲ Keep Running မှာ မပါလာတာဖြစ်နိုင်ကြောင်းလည်း ပြောဆို‌နေကြပြန်ပါတယ်။

Lucas နဲ့ Cai Xukun နေရာမှာတော့ မင်းသမီး Bai Lu နဲ့ မင်းသား Lin Yi တို့က ပါဝင်လာကြမှာပါ။ Bai Lu ကတော့ Yellow River series ရဲ့ ပထမဆုံး Season မှာတုန်းက ဧည့်သည်အဖြစ် လာရောက်ခဲ့ဖူးပြီး Lin Yi ကတော့ ဒီအစီအစဉ်ကနေ ဖျော်ဖြေရေးလောကထဲကို နောက်ထပ်ခြေလှမ်းသစ်ချတော့မှာဖြစ်ပါတယ်။

Put Your Head on My Shoulder ဇာတ်လမ်းတွဲနဲ့ ပရိသတ်အခိုင်အမာရရှိခဲ့သူ Lin Yi က‌တော့ ဒီအစီအစဉ်အတွက် လက်ဆတ်မှုတွေ သယ်ဆောင်လာနိုင်မယ့်အကြောင်း လူပြောများနေပါတယ်။ အဖွဲ့ဝင်သစ်တွေအတွက် မျှော်လင့်ရသလို မြင်တွေ့နေကျဖြစ်တဲ့ Lucas နဲ့ Cai Xukun တို့ မပါ‌ဝင်တော့မှာမို့လို့ ရင်ထဲတော့ ဟာတာတာကြီးဖြစ်နေကြတော့မှာပါ။

Source: Whatstoday
Photos: Weibo
Translated by Julix