Celebrity News

လအတော်ကြာ ပျောက်ကွယ်နေရာမှ စာတစ်စောင်နဲ့တကွ ပြန်ပေါ်လာပြီဖြစ်တဲ့ Kim Jung Hyun

Kim Jung Hyun ကတော့ ရည်းစားဟောင်းပြဿနာကြောင့် ဝေဖန်ခံရပြီးနောက် အချိန်အတော်ကြာ အနားယူနေရာမှ September 25 ရက်နေ့မှာပဲ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်လာခဲ့ပါပြီ။ လပေါင်းများစွာ သတင်းအစအနမကြားရတဲ့ မင်းသား Kim Jung Hyun က Instagram မှာ စာတင်ပေးခဲ့ပါတယ်။

သူ့ရဲ့ပရိသတ်တွေက သူ့နာမည်နဲ့လှူဒါန်းပေးထားတဲ့ ပန်းခြံခုံတန်းရှည်လေးရဲ့ ဓာတ်ပုံနဲ့အတူ တင်ပေးရင်း ဖြစ်ပျက်ခဲ့သမျှ ပြဿနာ၊ သူ့ရဲ့အနားယူမှုနဲ့ အနာဂတ်အစီအစဉ်တွေကို ပြောပြလာခဲ့ပါတယ်။ “Hello, Kim Jung Hyun ဖြစ်ပါတယ်။ ဒီစာကိုရေးတာကြောင့် အဆင်မပြေဖြစ်သွားမယ့်သူတွေအတွက် တောင်းပန်ပါတယ်။

အချိန်တိုင်းစိတ်ပူပေးပြီး ဆုတောင်းပေးနေတဲ့ပရိသတ်တွေအတွက် ရဲဆေးတင်ရင်း နှလုံးသားထဲကလာတဲ့ စကားလုံးတွေကို ပြောပြချင်ရုံပါ။ ပြီးခဲ့တဲ့လတွေတုန်းက ကျွန်တော်ဟာ တော်တော်လေးလမ်းပျောက်နေခဲ့မိပါတယ်။ ကျွန်တော့်ကို ပြန်လည်သုံးသပ်ခဲ့ပြီး ကျွန်တော့်အတွက် နားခိုရာမရှိတဲ့အဖြစ်ကြောင့် ဗလာကြီးတစ်ခုလို ခံစားမိခဲ့ပါတယ်။

ကိုယ့်ကိုကိုယ် သည်းခံဖို့တောင် ခက်ခဲခဲ့တာပါ။ တစ်ဖက်ကနေကြည့်ရင်တော့ ကိုယ့်ရဲ့ဖြစ်တည်မှုအားလုံးကို အနက်ရှိုင်းဆုံးအထိ သေသေချာချာ ဆန်းစစ်လို့ ရခဲ့ပါတယ်။ ကျွန်တော်ဟာ လိုအပ်ချက်တွေများစွာရှိနေတဲ့ လူသားတစ်ယောက်ပါ။

ကျွန်တော့်ရဲ့ရွေးချယ်မှုတွေအတွက် ဘာတစ်ခုမှ တာဝန်ယူနိုင်ခြင်းမရှိဘဲ ဖြတ်သန်းခဲ့မိတာ‌ကိုလည်း နောင်တရနေမိပါတယ်။ အခြားသူတွေကို အပြစ်တင်ပြောဆိုမိသလို ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုမစိုက်မိတတ်တာကိုလည်း သိမြင်လာရတယ်။ ဒီစာက ကိုယ်ကိုကိုယ် ပြန်လည်သုံးသပ်ရင်း ရေးသားတဲ့စာတစ်စောင်ပါ။

ကျွန်တော်က မင်းသားတစ်ဦးဖြစ်တာမို့လို့ လူ့အသိုက်အဝန်းဆီကိုပြန်လာဖို့က သရုပ်ဆောင်ခြင်းအပြင် မရှိပါဘူး။ ဒါ့ကြောင့်လည်း လက်ရှိစာချုပ်လိုက်တဲ့ Story J Company နဲ့ လက်တွဲဖြစ်ခဲ့တာပါ။ ဒီအေဂျင်စီအသစ်ကတော့ ကျွန်တော့်အကြောင်း ကောင်းစွာသိရှိပြီး ကျွန်တော့်ကို ဂရုစိုက်ပေးမယ်လို့လည်း ကတိပေးထားပါတယ်။

‌ဒါကြောင့်လည်း သတ္တိမွေးရင်း ရှေ့ဆက်ဖို့ လက်တွဲဖြစ်ခဲ့တာပါ။ သူတို့ရဲ့နွေးထွေးတဲ့ကမ်းလှမ်းမှုဟာ ကျွန်တော့်နှလုံးသားကို ထိသွားစေပါတယ်။ အနုပညာလျှောက်လမ်းပေါ်မှာ တစ်လမ်းတည်း အတူတူသွားရတော့မှာဖြစ်တဲ့အတွက် ကျေးဇူးတယ်မိတယ်။

အေဂျင်စီဟောင်းက မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့တွေသာ မရှိရင် ကျွန်တော်ဟာ ဒီနေရာထိ ရောက်လာမှာမဟုတ်ပါဘူး။ တောက်ပတဲ့အနာဂတ်တွေပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးပါရစေ။

ဒါ့အပြင် ကျွန်တော့်ရဲ့ လုပ်ရက်မှားတွေကို ထောက်ပြဝေဖန်ခဲ့ကြပြီး ခေါင်းစဉ်မျိုးစုံတပ်ထားတဲ့ သတင်းတွေကနေတဆင့် ပြောချင်တဲ့ Message တွေကို ရေးသားခဲ့ကြတဲ့ သတင်းထောက်တွေကိုလည်း ကျေးဇူးတင်ဖို့ နောက်မကျခင် ကျေးဇူးတင်ချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော့်ကိုတချိန်လုံးစောင့်နေပြီး အားအင်တွေပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်း နှလုံးသားထဲကနေ ကျေးဇူးတင်ရင်း ဦးညွတ်လိုက်ပါတယ်။  ပရိသတ်တွေကြောင့်သာ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့တာပါ။ မင်းတို့တွေပေးတဲ့ နွေးထွေးမှုတွေဟာ ကျွန်တော့်ဘဝအတွက် အာဟာရပါပဲ။

နောက်ထပ် လဲမကျစေရပါဘူးလို့ ကတိပေးပါတယ်။ အကယ်၍များ လဲကျခဲ့ရင်တောင် ပြန်ထပြီး ရှေ့ဆက်လျှောက်မှာပါ။ သတ္တိရှိရှိနဲ့ ခြေတလှမ်းချင်း ရှေ့ဆက်လျှောက်နေဦးမှာပါပဲ။ သရုပ်ဆောင်အလုပ်ကို အာရုံစိုက်ရင်း ကောင်းမွန်တဲ့ပုံစံတွေနဲ့ ပြန်လည်ပေးဆပ်ပါရစေ။

ကျွန်တော့်ကြောင့် ထိခိုက်နာကျင်ခဲ့ရသူတိုင်းကို နောက်တကြိမ် တောင်းပန်ပါတယ်။ ပိုမိုကောင်းမွန်တဲ့လူသားတစ်ယောက်ဖြစ်လာဖို့ အားလုံးကိုမြှုပ်နှံထားပြီး ကြိုးစာပါမယ်” ဆိုပြီး စာမှာ ရေးသားထားပါတယ်။

Kim Jung Hyun က မကြာသေးခင်ကမှ Story J Company နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဒီအေဂျင်စီကလည်း Kim Tae Hee, Seo In Guk, Yoo Seung Ho နဲ့ အခြားသော အနုပညာရှင်တွေရဲ့ ရိပ်မြုံဖြစ်ပါတယ်။ မင်းသားဟာ အရင်အေဂျင်စီဟောင်းနဲ့ စာချုပ်ပြဿနာလေးတွေရှိခဲ့ဖူးပြီး မေလကမှ ဖြေရှင်းနိုင်ခဲ့တာပါ။

2018 ခုနှစ် “Time” ဇာတ်လမ်းတွဲအကြောင်း ပြဿနာရပ်တွေနဲ့ ရည်းစားဟောင်းဖြစ်တဲ့ မင်းသမီး Seo Ye Ji တို့ကြားက ကိစ္စရပ်တွေက ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့အပြင် စာချုပ်အရှုပ်အရှင်းကလည်း ထပ်မံပေါင်းဆုံသွားတာဖြစ်လို့ မင်းသား Kim Jung Hyun ဟာ အနုပညာအလုပ်တွေက‌နေ ခေတ္တနားခဲ့ရပါတယ်။ အခုလို စာတစ်စောင်နဲ့ပြန်ရောက်လာပြီဆိုတော့ ပရိသတ်တွေက ပျော်နေကြပါတော့မယ်။

Source: Soompi
Photos: Soompi
Translated by Julix