Celebrity News

Xiao Zhan နဲ့ XFX တို့အတွက် တန်ဖိုးရှိတဲ့နေ့ရက်လေးဖြစ်တဲ့ စက်တင်ဘာလ (၂၈) ရက်နေ့

Xiao Zhan ဆိုတဲ့နာမည်လေးကို ကြားလိုက်ရရင် တရုတ်ပြည်ရင် နာမည်ကြီးထိပ်တန်းမင်းသားချောတစ်ယောက်ရဲ့ပုံရိပ်လေးက အာရုံထဲမှာ ‌ထင်ဟပ်လာကြမှာပါ။ တည်ငြိမ်အေးဆေးပြီး အရာရာကိုစိတ်ဓာတ်ပြင်းပြစွာနဲ့ ဖြတ်သန်းတတ်သူ ရှောင်းကျန့်ကတော့ ပရိသတ်တွေရဲ့ရှေ့မှောက်မှာ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တာ ဒီနှစ် စက်တင်ဘာလ (၂၈) ရက်‌နေ့မှာပဲ ၅ နှစ်ပြည့်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ (၅) နှစ် ၂၀၁၆ ခုနှစ်မှာ နောင်တခေတ်တခါ တရုတ်ရုပ်ရှင်လောကရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်လာမယ့် Xiao Zhan ဟာ X Nine အဆိုတော်အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်မှ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့တာကြောင့် များစွာသော အခက်အခဲတွေကြုံတွေ့ခဲ့ရပြီး အဆို‌တော်အဖြစ်မှ သရုပ်ဆောင်လောကထဲကို ကူးပြောင်းတော့လည်း ဝေဖန်တိုက်ခိုက်ခံရမှုတွေအများကြီး ကြုံခဲ့ရပါတယ်။

2018 ခုနှစ် Oh My Emperor ဇာတ်လမ်းတွဲကစပြီး Jade dynasty (2019), Joy of Life (2019), The Untamed (2019), The Wolf (2020) နဲ့ Douluo Continent (2021) စတဲ့ဇာတ်လမ်းတွေမှာ တဖြည်းဖြည်းတိုးတက်လာတဲ့ အရည်အချင်းတွေကို ချပြနိုင်ခဲ့ပြီး မင်းသားအရည်အချင်းရှိကြောင်းကိုလည်း အလုပ်နဲ့သက်သေပြခဲ့ပါတယ်။

၅ နှစ်တာကာလအတွင်း ထင်မှတ်မထားတဲ့ လောကဓံရိုက်ချက်တွေကို ခံခဲ့ရပြီး အမာခံပရိသတ်တွေဖြစ်တဲ့ XFX တွေက ရှောင်းကျန့်ဖက်ကနေ အမြဲကာကွယ်ရပ်တည်ခဲ့ပါတယ်။

Red Ocean ကို ပိုင်ဆိုင်ထားတဲ့ နာမည်ကြီးမင်းသားဖြစ်လာခဲ့ပေမဲ့ Xiao Zhan ဟာ မာန်မာနထောင်လွှားခြင်းမရှိဘဲ အမြဲတစေကြိုးစားနေပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူနေတာကြောင့်လည်း အားလုံးကြားမှာ ကောင်းသတင်းလေးက ပျံ့လွင့်နေပါတော့တယ်။

လူကောင်းတစ်ယောက်ဖြစ်အောင်ပါ အချိန်ပြည့်ကြိုးစားနေသူ Xiao Zhan လို စံပြအနုပညာရှင်တစ်ဦးဖြစ်လာခဲ့တဲ့ စက်တင်ဘာလ (၂၈) ရက်နေ့ဟာ အားလုံးအတွက် တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။

အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး အောင်မြင်မှုရတဲ့အထိ မဆုတ်မနစ်ကြိုးစားနိုင်ခဲ့သူ ဆုပေါင်းများစွာပိုင်ရှင် Xiao Zhan အတွက် ဂုဏ်ယူလို့မဆုံးနိုင်အောင်ပဲဖြစ်ပါတော့တယ်။ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းအပြင် တိုက်ရိုက်ဖျော်ဖြေရတဲ့ “A Dream Like A Dream” ပြဇာတ်မှာလည်း ပြဇာတ်မင်းသားအဖြစ် ပြည့်မီတဲ့အနုပညာအရည်အချင်းကို ပြသခဲ့ပါတယ်။

Xiao Zhan ရယ်လို့ အနုပညာလောကထဲမှာ မွေးထုတ်ခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့ကတော့ ရှောင်းကျန့်အတွက်ကော XFX တွေအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ နေ့မြတ်လေးပဲဖြစ်ပါတော့တယ်။

Written by Julix
Photos: Weibo