Celebrity News

ပဲရစ်မှာ zombie ကားရိုက်​နေတယ်လို့ ထင်ရ​လောက်​အောင်ဖြစ်ခဲ့တဲ့ Jisoo ရဲ့ ​အောင်မြင်​ကျော်ကြားမှု

BLACKPINK အဖွဲ့ဟာ ပွဲဦးထွက်ချိန်ကစလို့ အင်အားကြီးမားတဲ့ global fanbase ကြီးကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ​ပေါ်က ထိပ်တန်း မိန်းက​လေးအဖွဲ့တစ်ဖွဲ့အ​နေနဲ့ အခိုင်အမာရပ်တည်လျက်ရှိပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်တစ်ဦးချင်းစီဟာ ဖက်ရှင်​လောကကို လွှမ်းမိုးထားတဲ့ ထိပ်တန်းဇိမ်ခံ brand ​တစ်ခုစီရဲ့ ကိုယ်စားပြု​မော်ဒယ်​တွေဖြစ်ကြပါတယ်။

ဒါ​ကြောင့် BLACKPINK အဖွဲ့ဝင်​​တွေဟာ ၂၀၂၁ ခုနှစ်အတွက် ‘Paris Fashion Week’ ကို ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။ BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jisoo ဟာလည်း စက်တင်ဘာလ ၂၈ ရက်​နေ့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်တဲ့ DIOR collection show ကို ကိုယ်စားလှယ်အ​နေနဲ့ တက်​​ရောက်ခဲ့ပါတယ်။

သူမဟာ အဲ့ဒီပွဲကို အထူးဖိတ်ကြားခံရပြီး Dior ရဲ့ CEO ​နဲ့ကပ်လျက် ​ဘေးခုံမှာ ထိုင်ဖို့ ​နေရာ​ပေးခံခဲ့ရပါတယ်။ Jisoo ဟာ အဲ့ဒီပွဲကို ချစ်စရာ​ကောင်းတဲ့ halter neck dress ​လေးကို ဝတ်ဆင်ပြီး ​ရွှေ​ရောင် Lady Dior အိတ်အ​သေး​လေးကို ကိုင်ကာ ပွဲတက်လာခဲ့ပါတယ်။

ဒီလို ကျက်သ​ရေရှိပြီး အသက်ရှူမှား​လောက်​အောင် လှပ​နေတဲ့ Jisoo ဟာ DIOR ပွဲကို ဖိတ်ကြားခံရတဲ့ တခြားဧည့်သည်​တွေရဲ့ ​​ငေး​မောကြည့်ခြင်းကို ခံရရုံသာမက ပွဲကိုလာတဲ့လမ်းတစ်​လျှောက်လုံးမှာ သူမရဲ့ ​​ပေါ်ပြူလာဖြစ်မှုကို ပြသခဲ့ပါတယ်။

Jisoo တစ်​ယောက် ပွဲတက်လာတဲ့ ဓါတ်ပုံ​တွေနဲ့ ဗီဒီယို​တွေဟာ ဆိုရှယ်မီဒီယာမှာ တစ်မဟုတ်ချင်း ပျံ့နှံ့သွားခဲ့သလို Jisoo ကို လာကြည့်ကြတဲ့ လူအုပ်ကြီးရဲ့ ဗီဒီယိုကလည်း မြင်သူတိုင်းကို မှင်သက်သွား​စေပါတယ်။

ပွဲကျင်းပရာ​နေရာမှာ Jisoo ကို လာကြည့်တဲ့ လူရာနဲ့ချီရှိခဲ့ပြီး ပွဲမှာ တာဝန်ကျတဲ့ ဝန်ထမ်းက​တောင် ဒီ​လို လူအုပ်ကြီးကို တစ်ခါမှ မမြင်ဖူးဘူးလို့ ​ပြောရတဲ့အထိပါပဲ။ အဲ့ဒီလူအုပ်ကြီးဟာ Jisoo ကို ဖြတ်ခနဲဖြစ်ဖြစ်​တွေ့ရဖို့ သူမရှိ​တဲ့​နေရာတိုင်းကို ​ပြေးလွှားသွား​နေခဲ့ကြပါတယ်။ ​

ရှေ့ဆုံး​ရောက်တဲ့သူက သူမကို ပိုပြီး အနီးကပ်မြင်ရမှာဖြစ်တာ​ကြောင့် သူ့ထက်ငါ အလုအယက် ​တောင်​ပြေးလိုက် ​မြောက်​ပြေးလိုက် ဖြစ်​နေခဲ့ပါ​တော့တယ်။ BLACKPINK အဖွဲ့ရဲ့ ​ပေါ်ပြူလာဖြစ်မှုနဲ့စာရင် ဒါက အံ့သြစရာ​တော့မရှိပါဘူး။

ဒါ​ပေမဲ့ ဒီဗီဒီယိုမြင်​တွေ့ရတဲ့ ပရိသတ်​တွေဟာ ပဲရစ်မြို့မှာ zombie ကားရိုက်​နေတဲ့အတိုင်းပဲလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ ဦးတည်ရာတစ်ခုတည်း​ကို ပြေး​နေကြတဲ့ လူအုပ်ကြီးဟာ အပြင်မှာ ရုတ်တရက်မြင်လိုက်ရင်လည်း ရုပ်ရှင်ရိုက်​နေတယ်လို့ပဲ ထင်မိ​​စေမှာပါ။

တချို့ ပရိသတ်​တွေက​တော့ “ဘုရား​ရေ ​ပြေးရင်းနဲ့ ​မှောက်လျက်လဲရင်​တော့ တက်နင်းခံရပြီး ​သေမှာပဲ”၊ “Jisoo က အ​ရှေ့​တောင်အာရှမှာ နာမည်ကြီးတယ်လို့ကြားထားတာ အခု ပဲရစ်မှာလည်း ပရိသတ်​တွေအများကြီးပဲ အ​ရှေ့​တောင်အာရှနိုင်ငံ​တွေသာသွားရင် ​လှုပ်လို့​တောင်ရမှာမဟုတ်ဘူး”၊ “သူမက နိုင်ငံရဲ့ ဂုဏ်သိက္ခါပဲ” စသဖြင့် မှတ်ချက်ပြုခဲ့ကြပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL