Celebrity News

မိသားစုရဲ့ ကန့်ကွက်မှု​တွေကြားက ကိုရီးယား scholar ဝင်လျှောက်ပြီး အိပ်မက်ကို အ​ကောင်အထည်​ဖော်ခဲ့တဲ့ Anupam Tripathi

လက်ရှိ K-drama ချစ်သူ​တွေသာမက ကမ္ဘာတစ်ဝှမ်းကလူ​တွေဟာ Netflix ရဲ့ ကိုရီးယားဇာတ်လမ်းတွဲ ‘Squid Game’ ကို အရူးအမူးဖြစ်​လျက်ရှိပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Netflix ရရှိတဲ့ နိုင်ငံ​ပေါင်း ၈၃ နိုင်ငံထဲက ၈၂ နိုင်ငံမှာ လူကြည့်အများဆုံး နံပါတ် ၁ ဇာတ်လမ်းတွဲအဖြစ် ရပ်တည်လျက်ရှိ​နေတာဖြစ်ပါတယ်။

ဒီဇာတ်ကား​အောင်မြင်ရတဲ့အ​ကြောင်းအရင်းက​တော့ ဇာတ်ညွှန်း၊ စက်တင်အပြင်အဆင်​တွေသာမက ထူးချွန်တဲ့သရုပ်​ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ထားကြတဲ့ သရုပ်​ဆောင်​တွေ​ကြောင့်လည်း ဖြစ်ပါတယ်။

‘Squid Game’ ဇာတ်လမ်းတွဲ ​အောင်မြင်လာတာနဲ့အမျှ ဇာတ်ကားထဲက တစ်ဦးတည်း​သော နိုင်ငံခြားသား အဓိကဇာတ်​​ဆောင်ဖြစ်တဲ့ Anupam Tripathi ကလည်း ပရိသတ်​တွေရဲ့ အာရုံစိုက်မှုကို ရရှိလာပါတယ်။

Anupam Tripathi ဟာ ‘Squid Game’ ဇာတ်လမ်းထဲမှာ ပါကစ္စတန်က ​ရွှေ့​​ပြောင်းလုပ်သား Abdul Ali အဖြစ် ပီပြင်စွာသရုပ်​ဆောင်ခဲ့ပြီး ပရိသတ်​​တွေရဲ့ အချစ်ကိုသိမ်းပိုက်ခဲ့တာပါ။ သူဟာ အိန္ဒိယလူမျိုးဖြစ်ပြီး ၂၀၁၄ ခုနှစ်က ‘Ode to My Father’ ရုပ်ရှင်ကားမှာ ဇာတ်ပို့အ​နေနဲ့ ပါဝင်ကာ သရုပ်​​ဆောင်အဖြစ်စတင်ပွဲဦးထွက်ခဲ့ပါတယ်။

အဲ့ဒီ​နောက် ‘The Phone’ (2015), ‘Heart Blackened’ (2017), ‘SPACE SWEEPERS’ (2020) နဲ့ တခြားနာမည်ကြီးရုပ်ရှင်ကား​တွေမှာလည်း ဇာတ်ပို့အဖြစ် ပါဝင်ရိုက်ကူးခဲ့ပါတယ်။

အခုအခါမှာ​​တော့ Anupam Tripathi ဟာ Korea National University of Arts ရဲ့ ဘွဲ့ရတစ်ဦးဖြစ်ပြီး အဲ့ဒီတက္ကသိုလ်မှာ ပညာသင်ဆု​တောင် ရရှိခဲ့​ကြောင်း ​ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအ​ကြောင်းကို Anupam Tripathi က မကြာ​​​သေးခင်က ပြုလုပ်ခဲ့တဲ့ “Arirang News” နဲ့ အင်တာဗျူးမှာ ​ပြောပြခဲ့တာဖြစ်ပါတယ်။

Korea National University of Arts ဟာ ကိုရီးယားနိုင်ငံက ထိပ်တန်းအနုပညာတက္ကသိုလ်​တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Anupam Tripathi ဟာ သူ့သူငယ်ချင်းတစ်​ယောက်ရဲ့ အကြံ​ပေးချက်အရ Korea National University of Arts ရဲ့ ပညာသင်ဆုကို ​ဝင်​လျှောက်ရင်းက ​အောင်မြင်သွားခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ကိုရီးယားကို ​ပြောင်း​ရွှေ့​နေထိုင်ခဲ့ပါတယ်။

စစချင်းမှာ ယဉ်က​ေျးမှုကွာဟချက်​တွေ​ကြောင့် သူ့အ​နေနဲ့ အခက်အခဲ​တွေ ကြုံ​တွေ့ခဲ့ရ​ပေမဲ့ သူဟာ ယခင်တည်းက ကိုရီးယားမှာ ​အောင်မြင်တဲ့ သရုပ်​ဆောင်တစ်ဦးဖြစ်ချင်တဲ့ အိပ်မက်က ရှိ​နေခဲ့ပါတယ်။

အစတုန်းက​​တော့ သူ့ရဲ့ မိသားစု​တွေက ကိုရီးယားမှာ ပညာသင်ပြီး သရုပ်​ဆောင်လုပ်မယ့် ​ရွေးချယ်မှုကို ကန့်ကွက်ခဲ့​ပေမဲ့ အခုအချိန်မှာ သူ့ရဲ့ ​အောင်မြင်မှုကို ဝမ်းသာပီတိဖြစ်​နေကြတယ်လို့လည်း Anupam Tripathi က ပြောပြခဲ့ပါတယ်။

ဒါ​ပေမဲ့ သူ့ရဲ့ ဖခင်ဖြစ်သူဟာ ၂၀၁၇ ခုနှစ်တုန်းက ဆုံးပါးသွားပြီဖြစ်တာ​ကြောင့် အခုအ​ခြေအ​​နေနဲ့သာ သူ့ကိုမြင်ရရင် အရမ်းကို ​ပျော်ရွှင်မှာ ​သေချာတယ်လို့လည်း ​​ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။

သူဟာ သူ့ကိုယ်သူအမြဲမပြတ် စိန်​ခေါ်မှု​တွေ ပြုလုပ်ခဲ့ပြီး တခြားသူ​တွေလည်း ခက်ခဲမယ်ဆိုရင်​တောင် ဘယ်အရာမဆို အနည်းဆုံး​တော့ ကြိုးစားကြည့်သင့်တယ်လို့ အကြံဉာဏ်​ပေးခဲ့ပါတယ်။

သူ့အ​နေနဲ့ ‘Squid Game’ ဇာတ်ညွှန်းကို စဖတ်လိုက်တည်းက ​အောင်မြင်မယ်ဆိုတာသိ​ပေမဲ့ ဒီ​လောက်ထိ နာမည်ကြီးပြီး ​အောင်မြင်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။  သူဟာ Ali ဇာတ်​ကောင်အတွက် တခြား​ရွှေ့​ပြောင်းလုပ်သား​တွေနဲ့ ​တွေ့ဆုံပြီး သူတို့ရဲ့ ဘဝ​နေထိုင်မှုပုံစံကိုလည်း ​လေ့လာခဲ့ပါ​သေးတယ်။

Tripathi ဟာ ကိုရီးယားအနုပညာ​လောကက နိုင်ငံခြားသား သရုပ်​ဆောင်တစ်​ယောက်အ​နေနဲ့ ကန့်သတ်ချက်​ဘောင်​တွေကို ​ကျော်ဖြတ်ချင်ပြီး ကာရိုက်တာအမျိုးမျိုး သရုပ်​ဆောင်ကြည့်ချင်တယ်လို့လည်း ​ပြောခဲ့ပါ​သေးတယ်။

ဒါ့အပြင် တခြား​သော ကိုရီးယားက နိုင်ငံခြားသားသရုပ်​ဆောင်​တွေအတွက်လည်း ​ရှေ့​ဆောင်လမ်းပြဖြစ်ချင်မိပြီး တခြားသူ​​တွေလည်း သူ့လိုဖြစ်လာနိုင်ပါတယ်ဆိုပြီး အား​ပေးစကားပြောကြားခဲ့ပါတယ်။

Source : SBS Star
Photo : Instagram
Written : ZL