Celebrity News

ကိုယ့်ကိုကိုယ်အားမလိုအားမရဖြစ်နေသူတိုင်း လိုက်လံကျင့်သုံးလို့ရမယ့် BamBam ရဲ့ အကြံပြုချက်

GOT7’s BamBam ကို‌တော့ “Young and Rich” စိတ်နေစိတ်ထားကြောင့် ပရိသတ်တွေက ချစ်ခင်ကြပါတယ်။ စိတ်သဘောထားနူးညံ့ပြီး ပျော်ပျော်နေတတ်တာကြောင့်ပါ အားလုံးက BamBam နဲ့ရှိရတာကို နှစ်သက်ကြပါတယ်။

Singles Korea အင်တာဗျူးမှာ BamBam က ကိုယ့်ကိုကိုယ် ယုံကြည်ချက်နည်းနေသူတွေအတွက် ခွန်အား‌ဖြစ်အောင် အကြံပြုခဲ့ပါတယ်။ “Confidence ရှိဖို့ထက် BamBam ကတော့ သူ့ဘေးမှာရှိတဲ့အရာတိုင်းကို မြတ်နိုးတန်ဖိုးထားတယ်” ဆိုတဲ့ ခေါင်းစဉ်ကို BamBam က လက်ခံသဘောတူရင်း အဖြေပေးခဲ့တာပါ။

“confidence ရှိဖို့ အရေးကြီးတယ်ဆိုတာက ဟုတ်ပါတယ်။ ဒါပေမဲ့ တအားကြီးလုပ်မယူမိဖို့က ပိုအရေးကြီးတယ်။ ကျွန်တော်ကတော့ လက်ထဲရှိနေတဲ့အရာတွေကို ပိုပြီးတန်ဖိုးထားပါတယ်။

ကိုယ့်လက်ထဲမှာရှိတဲ့အရာက ဘယ်လောက်တောင် တန်ကြေးရှိသလဲဆိုတာကို မင်းနားလည်သွားတဲ့အချိန်က အလိုလိုနေရင်း ပျော်ရွှင်လာရမယ့် အချိန်တွေပဲ။  အရာရာတိုင်းနဲ့ပတ်သက်ပြီး အကောင်းမြင်လာလိမ့်မယ်။

တချို့လူတွေက ကိုယ့်မှာရှိတာကို မကျေနပ်တဲ့အပြင် သူများမှာရှိတာကို ယှဉ်ပြီး မနာလိုဖြစ်တတ်ကြတယ်။ ကောင်းမွန်တဲ့အရာကို ပိုင်ဆိုင်ထားပေမဲ့ တခြားတစ်ခုကို တောင့်တနေကြတတ်တယ်။

အဲ့လိုလူတွေအတွက်ကျတော့ နေ့ရက်တွေက ပင်ပန်းတယ်။ တစုံတစ်ခုကို လိုချင်တောင့်တတာမှန်ပေမဲ့ တပ်မက်စိတ်ကြီးလွန်းရင် စိတ်ပင်ပန်းတတ်ပါတယ်။ အကယ်၍များ ကိုယ်တိုင်က လောဘကြီးတယ်လို့ ခံစားမိနေရင် စိတ်ကိုလျှော့ပြီး မင်းမှာရှိတဲ့အရာတွေကို တချက်ပြန်ကြည့်လိုက်ပါ။

ပြီးရင် ကျေနပ်ပျော်ရွှင်ကြည့်ပါ။ ကိုယ့်ဘေးမှာရှိသမျှကို တန်ဖိုးထားတတ်လာရင် ကောင်းတဲ့အရာတွေက သူ့အလိုရောက်လာပါလိမ့်မယ်။ ဒါ့အပြင် အကောင်းမြင်စိတ်ရှိလာပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်ချက်မြင့်လာပါလိမ့်မယ်” ဆိုပြီး တကယ့်ကို တန်ဖိုးရှိပြီး အနှစ်သာရပြည့်ဝတဲ့စကားလုံးလေးတွေကို မျှဝေခဲ့ပါတယ်။

BamBam ကိုယ်တိုင်လည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် မျိုးစုံဝေဖန်တိုက်ခိုက်ခံရတာတွေရှိပေမဲ့ BamBam ကိုယ်တိုင်က ပျော်ရွှင်မှုလမ်းစဉ်ကို လျှောက်လှမ်းနေတာကြောင့် အရာရာတိုင်းက သူ့အလိုလို ဖြေရှင်းပြီးသားဖြစ်နေပါတယ်။ အကယ်၍ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နေရင် BamBam ပြောတာလေးကို တွေးပြီး စိတ်ထားတတ်အောင် ကြိုးစားဖို့ အကြံပြုပါရစေ။

Source: Koreaboo
Photos: Naver
Translated by Julix