Celebrity News

“Squid Game” ထဲမှာ သူလည်းပါဝင်နိုင်ခဲ့တယ်ဆိုပြီး စ​နောက်ခဲ့တဲ့ မင်းသား Kim Soo Hyun

လက်ရှိ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ​ရေပန်းစား​နေတဲ့ “Squid Game” ဇာတ်လမ်းတွဲဟာဆိုရင် ​ငွေပမာဏအများကြီး လိုအပ်​နေတဲ့ လူ ၄၅၆ ​ယောက်က ဝမ် ၄၅.၆ ဘီလီယံကို ရရှိဖို့ ထူးဆန်းတဲ့ ပြိုင်ပွဲတစ်ခုကို ဝင်​ရောက်ယှဉ်ပြိုင်ကြတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲအမျိုးအစားဖြစ်ပြီး Netflix က​နေ စက်တင်ဘာလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအရ ယှဉ်ပြိုင်သူ​တွေဟာ ဝမ် ၄၅.၆ ဘီလီယံကို ရရှိဖို့ ဂိမ်း ၆ ခုကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ​နောက်ဆုံး အသက်ရှင်ကျန်ရစ်တဲ့သူ တစ်ဦးသာ အနိုင်ရရှိပြီး ဒီပိုက်ဆံ​တွေကို ရရှိမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ လက်ရှိ Netflix ရရှိတဲ့ နိုင်ငံ​ပေါင်း ၈၃ နိုင်ငံလုံးမှာ ကြည့်ရှုမှုအများဆုံးနဲ့ ဝင်​ငွေအများဆုံး ဇာတ်လမ်းတွဲဖြစ်​နေပြီး ကမ္ဘာနဲ့အဝှမ်း ​အောင်မြင်မှုရရှိ​နေတာဖြစ်ပါတယ်။

ဒါ​ကြောင့် K-drama ​လောကမှာ နာမည်အကြီးဆုံးမင်းသား​တွေထဲကတစ်ဦးဖြစ်တဲ့ Kim Soo Hyun ဟာလည်း မကြာ​သေးခင်က ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး FT Island အဖွဲ့ဝင်တစ်ဦးဖြစ်သလို သရုပ်​ဆောင်တစ်ဦးဖြစ်တဲ့ Lee Hong Ki ကို စ​နောက်ခဲ့ပါတယ်။ ဒီအ​ကြောင်းကို Lee Hong Ki က ​အောက်တိုဘာလ ၂ ရက်​နေ့မှာ သူ့ရဲ့ Instagram Story က​နေတစ်ဆင့် ထုတ်​​ဖော်​ပြောကြားထားတာပါ။ Lee Hong Ki က ဓါတ်ပုံတစ်ပုံကို ပရိသတ်​တွေထံ မျှ​ဝေခဲ့ပြီး အဲ့ဒီပုံ​မှာ “သူ (Kim Soo Hyun) လည်း ‘Squid Game’ ထဲမှာ ပါနိုင်ခဲ့တယ်ဆိုပြီး လာပို့တဲ့ပုံ.. ဟဟ.. အကိုသာ ပါခဲ့ရင် ပထမဆုံး​သေမှာပဲ ဟဟဟ” ဆိုတဲ့ စာကို ​ရေးသားထားခဲ့ပါတယ်။ Kim Soo Hyun နဲ့ Lee Hong Ki တို့ဟာ ရင်းနှီးတဲ့မိတ်​ဆွေ​တွေအဖြစ် လူသိများပါတယ်။

Kim Soo Hyun က Lee Hong Ki ကို ပို့ခဲ့တဲ့ပုံဟာ “Squid Game” ဇာတ်ဝင်ခန်းထဲကပုံကို Kim Soo Hyun တစ်​ယောက် tvN ရဲ့ “Crash Landing on You” ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်​ဆောင်အဖြစ် ပါဝင်ခဲ့တုန်းကပုံကို photoshop လုပ်ထားတာဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Secretly, Greatly” ရုပ်ရှင်ကားထဲက Bang Dong Goo ဇာတ်​ကောင်ပုံစံအတိုင်း “Crash Landing on You” ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့ပြီး ပရိသတ်​တွေကို အံ့အားသင့်​စေပြီး ရယ်ရ​အောင် လုပ်ခဲ့တာပါ။

“Secretly, Greatly” ဇာတ်ကားထဲမှာ Bang Dong Goo ဟာ အမြဲတမ်းလိုလို အစိမ်း​ရောင်အားကစားဝတ်စုံကို ဝတ်ဆင်ပြီး ရပ်ကွက်ထဲမှာ ကျပ်မပြည့်သူအဖြစ် လူသိများ​ပေမဲ့ တကယ်တမ်း​တော့ သူဟာ ​မြောက်ကိုရီးယားကလာတဲ့ သူလျှိုတစ်​ယောက်ဖြစ်ပါတယ်။ “Squid Game” ဇာတ်လမ်းထဲမှာလည်း ဂိမ်းကို ပါဝင်ယှဉ်ပြိုင်သူ​​တွေဟာ အစိမ်း​ရောင်အားကစားဝတ်စုံကိုသာ ဝတ်ဆင်ရတာ​ကြောင့် ပရိသတ်​တွေက မင်းသား Kim Soo Hyun ရဲ့ ပုံနဲ့ photoshop လုပ်ပြီး ဟာသအ​နေနဲ့ စ​နောက်ကြတာပဲဖြစ်ပါတယ်။

ဇာတ်ကားမကြည့်ဖူး​သေးတဲ့သူ​တွေက​​တော့ တကယ့်အစစ်လို့ထင်ရ​လောက်​အောင် အ​ခြေအ​နေ​တွေက တိုက်ဆိုင်လွန်း​နေပါတယ်။ ဒါ​ပေမဲ့ ရပ်ကွက်ထဲက Dong Goo လိုသာ ​ပြေးလွှား​နေရင်​တော့ Lee Hong Ki ​ပြောသလို ပထမဂိမ်းမှာတင် ​သေနတ်နဲ့ပစ်ခံရမှာ အ​သေအချာပါပဲ။ သို့​သော်လည်း ​’Squid Game’ Season 2 သာရိုက်ဖြစ်ခဲ့ရင်​ ဒီ Dong Goo ဇာတ်​ကောင်နဲ့ ဧည့်သည်သရုပ်​ဆောင်အဖြစ် ​နောက်တစ်ကြိမ် ပါဝင်ပြီး ပရိသတ်​တွေကို ရယ်​မော​ပျော်ရွှင်ရ​အောင် ထပ်လုပ်​ပေးမယ်လို့ ​မျှော်လင့်မိပါတယ်။

Source : Soompi
Photo : Instagram, Pinterest
Written : ZL